လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကလေးမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ပစ်သတ်ထားသည့် ဒေသခံပြည်သူများ၏ အလောင်း ကောက်ယူရန် ခက်ခဲနေ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ဘက်ရှိ နတ်ချောင်းကျေးရွာအနီး ဒီဇင်ဘာလ ၂၂ ရက်ညမှစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ထားသည့် ဒေသခံပြည်သူများ၏အလောင်းများ ကောက်ရန်ခက်ခဲနေကြောင်း နီးစပ်သူများထံမှ သိရသည်။

“ကျနော်တို့ဆီမှာ ဒီနေ့ နောက်ဆုံးကြားရတဲ့ သတင်းအရတော့ ၁၄ လောင်းလောက်ရှိနေပြီလို့ သိရတယ်ခင်ဗျ လောလောဆယ်တော့ အဲရွာနားတစ်ဝိုက် တိုက်ပွဲဖြစ်နေသေးလို့ သေနေတဲ့အလောင်းကောက်ယူဖို့တောင် တော်တော်ခက်နေတယ်” လို့ အမည်မဖော်လို ဒေသရင်းမြစ်တစ်ဦးက ပြောသည်။

ပစ်သတ်ခံထားရသည့် သေဆုံးသူများ၏ အလောင်းများအား နာရေးကူညီမူအသင်းမှ ကူညီသယ်ထုတ်ပေးနေသော်လည်း တိုက်ပွဲပြင်းထန်နေ‌သည့်အတွက် ၄ လောင်းသာ သယ်ယူနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

ကလေးမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ပစ်သတ်ထားသည့် ဒေသခံပြည်သူများ၏ အလောင်း ကောက်ယူရန် ခက်ခဲနေ

” ရွာမှာလည်း တိုက်ပွဲက ဆက်ဖြစ်နေသေးတော့ နာရေးကူညီမူအသင်းကလည်း ဝင်ရခက် အလောင်းက ခု သိထားတာ ၁၄လောင်းထဲက ၄လောင်းဘဲ သယ်လို့ရသေးတယ်။ သေထားတာက ဒီထက်များရင်လည်း များနိုင်သေးတယ် ” လို့ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

နတ်ချောင်းရွာတွင် ဒီဇင်ဘာလ ၂၂ရက်နေ့မှစပြီး  စစ်ကောင်စီတပ်မှ ဒေသခံပြည်သူအချို့အား လိုက်လံဖမ်းဆီးမူများ ပြုလုပ်လာသည့်အပြင် ရွာတွင်း ဝင်ရောက်တပ်ဆွဲထားကာ နေအိမ်များဖျက်ဆီးခြင်း ၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်းပြုလုပ်ခဲ့သည်။

ထို့ပြင် PDF (Kalay ) ၏ ယနေ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၂၆ရက်ညမှ ဒီဇင်ဘာလ ၂၇ရက်နေ့ နံနက် ၆နာရီဝန်းကျင်ထိ အဆိုပါ နတ်ချောင်းရွာအတွင်း ဝင်ရောက်တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်အား ပကဖ ပူးပေါင်းအဖွဲ့များ ပိတ်ဆို့တိုက်ခိုက်မူများ ပြုလုပ်ခဲ့ကြောင်းထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲတွင် PDF  (Kalay)  မှ ၁ဦး၊ CNDF မှ ၁ဦး ကျဆုံးကာ ဒဏ်ရာရရှိသူ ၄ဦးရှိခဲ့ကာ စစ်ကောင်စီဘက်မှလည်း ထိခိုက်သေဆုံးမူများနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် နတ်‌ချောင်းရွာတွင် ဒီဇင်ဘာလ ၂၂ရက်နေ့မှ MPT  ဖုန်းလိုင်းများဖြတ်တောက်ခံ ထားရသည့်အတွက်  ထွက်ပြေးသူ အချို့မှာလည်း ဖုန်းလိုင်းများမမိသည့် နေရာများ တွင် ရောက်ရှိနေသောကြောင့် အန္တရာယ်ရှိမရှိ မသိနိုင်သေးပေ။

နတ်ချောင်းရွာသည် အိမ်ခြေ ၂၀၀၀ ဝန်းကျင်ရှိပြီး ကလေးမြို့တောင်ဘက် ၁၅ မိုင်အကွာခန့်တွင် တည်ရှိသော ကျေးရွာဖြစ်ကာ လက်ရှိချိန် စစ်ရှောင်နေသူ ၂၀၀၀ ဝန်းကျင်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကလေးမြို့နယ်တောင်ပိုင်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည့်အတွက် ကလေး- ဂန့်ဂေါလမ်းမကြီးတွင် ဖြတ်သန်းသွားလာခြင်း မပြုရန်လည်း PDF (Kalay) မှ သတိပေးထားသည်။

Show More

Related Articles

Back to top button