သတင်း

ပင်လည်ဘူးမြို့နယ်မှာ ပြည်သူ့ အုပ်ချုပ်ရေးယန္တရား စတင်အကောင်ထည်ဖော်ဆောင်ရွက်နေ

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်အတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ စိုးမိုးထားနိုင်ပြီဖြစ်သည့် ကျေးရွာများတွင် ဇန်နဝါရီလ ၂ရက်နေ့မှ စကာ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ စတင်ဖော်ဆောင်နေပြီ ဖြစ်ကြောင်း ပင်လည်ဘူး (PDF) မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ခုကျနော်တို့ စိုးမိုးရရှိထားတဲ့နယ်မြေတွေအားလုံးမှာ ကာကွယ်ရေး ၊အုပ်ချုပ်ရေးအပိုင်းကော၊ ကျန်းမာရေး စွမ်းဆောင်မူအပိုင်းကော တစ်ဆက်တည်းသွားနေပါပြီဗျ ပြီးတော့ မြို့နယ် ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) အစီစဉ်လက်အောက်ကနေပြီးတော့ ကျနော်တို့စိုးမိုးရရှိထားနိုင်တဲ့နယ်တွေကို ရပ်ရွာတွေမှာ ပအဖတွေဖွဲ့စည်းထားပေးပြီး အုပ်ချုပ်ပေးနေပါပြီခင်ဗျ” ဟု ပင်လည်ဘူး ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

လက်ရှိ ပင်လည်ဘူးမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ စိုးမိုးနိုင်သည့်နယ်မြေများတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်ခေါင်း၊ ရာအိမ်ခေါင်းများလည်း ရွေးချယ်ဖွဲ့စည်းပြီးဖြစ်ကာ ကျေးရွာတစ်ရွာမှ (၇) ဦးရွေးချယ်ကာ သင်တန်းများပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းကဲ့သို့ သင်တန်းများပေးခြင်းသည် ၎င်းတို့အနေဖြင့် သင်တန်းဆင်းပြီးပါက မိမိရပ်ရွာတွင် လုံခြုံရေး၊အုပ်ချုပ်ရေးပိုင်းတာဝန်ယူနိုင်ရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ပင်လည်ဘူးမြို့နယ်အတွင်း စစ်ကောင်စီတပ် ထိန်းချုပ်မူသည် ပင်လည်ဘူးမြို့မှ ၅ မိုင် ပတ်ဝန်းကျင်ခန့်သာ ရှိနေပြီး ကျန်နယ်မြေအများစုသည် ဒေသခံကာကွယ်ရေးတပ်များ စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

“မနေ့ကစပြီးတော့ NUG ကနေ ထောက်ပံ့ပေးထားတဲ့ ဆေးဝါးတွေကို ကျနော်တို့စိုးမိုးထားတဲ့ ရွာတွေမှာ ပထမဆုံးအကြိမ် ဆေးဝါးကုသပေးတဲ့အစီစဉ်စလုပ်ပြီ ပထမဆုံးအကြိမ်ဆိုတော့ ပြည်သူတွေကိုလည်း ကျနော်တို့လက်နက်ကိုင်ရတာ ဘာကြောင့်ကိုင်ရတယ်ဆိုတာကိုလည်း နားလည်အောင်ရှင်းပြတယ်။ ပြီးတော့  ကျနော်တို့ ဒီမှာလက်နက်တွေကိုင်ပြီး သွားလာနေတာတွေကိုလည်း မကြောက်ကြဖို့ ကျနော်တို့ PDF ဆိုတာက ပြည်သူတွေကို ကာကွယ်ပေးတဲ့သူတွေပါဆိုတာမျိုး ပြောပြတယ်။ ပြီးမှ ကျနော်တို့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အုပ်ချုပ်ရေးယန္တရားပုံစံကို နားလည်အောင်ရှင်းပြပါတယ်” လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့စိုးမိုးထားနိုင်သည့် နယ်မြေများတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ  တရားမဝင်သစ်စက်များ၊ တရားမဝင်ရွှေဆိုင်းများ ဖမ်းဆီးအရေးယူမူဆောင်ရွက်နေသည့်အပြင် လုပ်ငန်းရှင်များအနေနှင့် NUG ထံ အခွန်မဆောင်ဘဲ လုပ်ဆောင်နေသည့်လုပ်ငန်းရှင်များအား အွန်လိုင်းမှတစ်ဆင့် အခွန်ဆောင်ခြင်းစေပြီးမှသာ တရားဝင်ပြန်လည်ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့ ၂၇ ရက်နေ့ထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA/PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူ များပြားခဲ့နောက် ရံဖန်ရံခါတိုက်ပွဲများဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မူ လေယာဉ်နှင့်ပစ်ခတ်မူများကြောင့် စစ်ဘေးရှောင်ပြည်သူများလည်း ထောင်ချီရှိနေပြီဖြစ်သည်။

“လောလောဆယ်တော့ ပင်လည်ဘူးမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်တွေကိုလည်း ကျနော်တို့ ပအဖအဖွဲ့ကနေပြီး ကူညီစောင့်ရှောက်ထားတယ်။ပြီးတော့ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာခဲ့ရင် ရှောင်နေလို့ရအောင် စစ်ဘေးရှောင်စခန်းတွေလည်း ဆက်လုပ်နေသေးတာလည်းရှိတယ်။ ခုလောလောဆယ်တော့ စစ်ရှောင်တွေအတွက် ဆေးဝါး၊ အသုံးအဆောင်တွေနဲ့ စားသောက်ကုန်တွေတော့ အဓိကလိုအပ်နေတယ်” ဟု ဒေသခံကာကွယ်ရေးတပ်မှ တာဝန်ရှိသူကဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် စစ်တပ်မှအာဏာသိမ်းပြီးနောက် အင်တာနက်ဖြတ်ထားခံရမူ ၁၀ မြို့နယ်အထက်ရှိနေပြီး အဆိုပါ အင်တာနက်ဖြတ်တောက်ခံရမူတွင် ပင်လည်ဘူးမြို့နယ်သည် အပါအဝင်တစ်ခုဖြစ်သည်။

လက်ရှိ ပင်လည်ဘူးမြို့နယ်တွင် စစ်ကောင်စီတပ်ပိုင် Mytel ဖုန်းအင်တာနက် အချိန်အကန့်သတ်ဖြင့် ဖွင့်ထားသော်လည်း ကျန်ဖုန်းလိုင်းများဖြစ်သည့် MPT/Telenor အင်တာနက်လိုင်းများ မရရှိသေးပေ။

Show More

Related Articles

Back to top button