သတင်း

မြစ်ကြီးနားမြိုလယ်တွင် လူငယ်တစ်ဦး ဓါးထိုးခံရပြီး ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရ

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် နောင်ရာပါ လယ်ကွင်းအနီးတွင် ယမန်နေ့ည ၇ နာရီခန့်က အသက် ၂၁ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦး ဓါးထိုးခံရပြီး ဆိုင်ကယ်နှင့် ဖုန်း လုယက်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ စီတာပူရပ်ကွက် နောင်ရာပါလယ်ကွင်းတွင် လုယက်သူများက ဓားဖြင့်ထိုးခဲ့ပြီး သီတာရပ်ကွက် ဝန်ထမ်းအိမ်ယာလမ်းမပေါ်မှာ လဲကျခဲ့ကြောင်း သီတာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးက ပြောသည်။

“ဓါးထိုးခံရတာက စီတာပူ နောင်ရာကွင်း ၆၃ ဧက မှာဖြစ်တာ။ ဆိုင်ကယ်နဲ့ ဖုန်းနဲ့လုခံရတာ။ ဓားထိုးခံရပြီးမှ ကျနော်တို့ သီတာရပ်ကွက် မလိခဝန်ထမ်းအိမ်ယာ လမ်းမပေါ်မှာ လဲကျသွားတယ်။ သီတာမှာဖြစ်တာလို့ ထင်နေကြလို့ စီတာပူမှာဖြစ်တာပါ။ ကောင်လေးကထွက်ပြေးလာပြီးမှ သီတာမှာ လာလဲတာ” ဟု ဆိုသည်။

ဓားထိုးလုယက်ခံရသူမှာ တပ်ကုန်းစံပြရပ်ကွက်မှ ဥပဒေ ပထမနှစ် ကျောင်းသား မောင်နော်မိုင် ဖြစ်ပြီး နောက်ကျောတွင် ထိုးသွင်းဒဏ်ရာများနှင့် နံရိုး ၊ ခါး ထိုးသွင်းဒဏ်ရာများတာကြောင့် လက်ရှိ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ဓာတ်မှန်ရိုက် ၊ သွေးသွင်း ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

“သားက ၅နာရီခွဲ လောက် နောင်ရာဘော်လုံးကွင်းမှာ ဘော်လုံးကန်တာသွားကြည့်ပြီး သစ်ပင်အောက်မှာ ခဏထိုင်နေတဲ့ချိန် ဗမာကောင်တွေ သားဆီကိုလာခဲ့ပြီး ရှေ့က တစ်ယောက်က သားကိုဓားနဲ့ထောက်ပြီး ဖုန်းနဲ့ ဆိုင်ကယ်ပေးလို့တောင်းတယ်။ သားက ဓားကိုယူပြီး လွှင့်ပစ်လိုက်တော့ နောက်ကနေ တစ်ယောက်က ချုပ်ထားပြီး ဓားနဲ့ အဆက်မပျက်ထိုးလိုက်တယ်။ သားက ဆိုင်ကယ်သော့ကို အဝေးဘက်ပစ်လိုက်တယ်။ ဆိုင်ကယ်တော့ မယူသွားကြဘူး။ ဖုန်းယူသွားတယ်။ သားလဲမြေကြီးပေါ်လဲသွားပြီး အိမ်မှာ အမေစောင့်နေ တော့မှာပဲဆိုပြီး ထပြီး ဆိုင်ကယ်ကို ဖြေးဖြေးမောင်းလာလိုက်တယ်။ လမ်းမှာ ၂ ခါတောင်လဲတယ်တဲ့ မျက်စိတွေ မမြင်လာလို့ သီတာနားရောက်တော့ လဲကျသွားလို့ ရဲတွေလာပြီး ဆေးရုံကို ပို့ပေးခဲ့တယ်။” ဟု ဓားထိုးခံရသူ၏ မိခင်ဖြစ်သူက KNG ကချင်သတင်းဌာနကို ပြောပါသည်။

ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားမြို့တွင်သာမက မြို့နယ်အသီးသီးတွင် လုယက်မှု ၊ ခိုးမှု စသည့် အမှုအခင်းများ အဖြစ်များလာပြီး ညအချိန်သာမက နေ့ခင်းကြောင်တောင်မှာပင် အတင့်ရဲ ကျူးလွန်လာမှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။

Show More

Related Articles

Back to top button