သတင်း

ပူတာအိုဒေသခံများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တံတားပေါင်း ၄၀ ခန့် ဆောက်လုပ်ပြီးစီး

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ဝေးလံခေါင်ဖျားသောဒေသများတွင် ကျေးရွာချင်းဆက် တံတားများ ယိုယွင်းပျက်စီးမှုကို သက်ဆိုင်ရာကလုပ်ဆောင်ပေးခြင်းမရှိသောကြောင့် ဒေသခံများ ကိုယ်ထူကိုယ်စနစ်ဖြင့် ဆောက်လုပ်သော လမ်းတံတားပေါင်းမှာ ၇ လအတွင်း ၄၀ ဝန်းကျင်ခန့်ရှိပြီဟု သိရသည်။

တောင်ပေါ်ဒေသဖြစ်သော ပူတာအိုမြို့နယ်တွင် ဒေသခံပြည်သူများ၏ စားဝတ်နေရေးအတွက်အလွန်အရေးပါသော တံတားများကို ပြီးခဲ့သော ၂၀၂၁ ခုနှစ် ဇူလိုင်လမှ စတင်ကာဆောက်လုပ်ခဲ့ကြောင်း ဒေသခံများကို ဦးဆောင်နေသူ ဆရာ ဆန်လူရမ်ဆိုင်း က KNG သတင်းဌာနကို ပြောဆိုသည်။

“လမ်းတံတားတွေပြန်လည်ဆောက်လုပ်တာက တော်တော်ပြီးသွားပြီ။ အခုဆောက်လုပ်တာက ပူတာအိုမြို့နယ်ထဲမှာပဲ ပါတယ်။ ကျနော်တို့ကိုယ်တိုင်ဘဲ ကိုယ်ထူကိုယ်ထအလှူခံတယ်။ ကျနော်တို့ကိုယ်တိုင်ဘဲ လိုက်ဆောက်ပေးတယ်။ ဘာကြောင့်လဲဆိုတော့ ကျေးရွာအလိုက်က တံတားဆောက်လုပ်ပေးဖို့ တောင်းဆိုလာကြလို့ ဆောက်လုပ်ပေးတယ်။ သူတို့အနေနဲ့ ဒီတံတားတွေကို အမှီပြုပြီး စားဝတ်နေရေးအတွက် သွားလာလှုပ်ရှားနေရတာဖြစ်တယ်။ တောင်ပေါ်ဒေသဆိုရင် ပိုဆိုးတယ်။ တစ်ရွာနဲ့တစ်ရွာက ဒီလမ်းတံတားတွေနဲ့ဘဲ ဆက်သွယ်ထားတယ်။ လမ်းတံတားမကောင်းရင် ဘယ်လိုမှ အဆင်မပြေဘူး”ဟု ပြောဆိုသည်။

လက်ရှိတွင် လမ်းတံတားပြုလုပ်ပြီးစီးမှုမှာ ပူတာအိုမြို့၏ မြောက်ဘက်ခြမ်းရှိ အထက်ရှိန်ဂေါင်၊ ခါလန်ဒေသနှင့် ဖုန်ကန်ရာဇီ သွားသည့် လမ်းဘက်ရှိသော ကျေးရွာ ၂၀ ကျော်ခန့်ပါဝင်ပြီး ဒေသခံပြည်သူများ လမ်းတံများဆောက်လုပ်ပေးရန် တောင်ဆိုမှုအရ ကြိုးတံတား ၉ စင်းနှင့် သစ်တံတား ၂၀ ဝန်းကျင်ခန့် ဆောက်လုပ်ပြီးစီးထားပြီဖြစ်ကြောင်း သူကဆက်ဆိုထားသည်။

အဆိုပါ ပြုလုပ်ပြီးစီးထားသည့် ကြိုးတံတားနှင့် သစ်သားတံတား ၄၀ ဝန်းကျင်ကို ၂၀၂၁ခုနှစ်အတွင်း အပြီးဆောက်လုပ်ခဲ့ပြီး ကုန်ကျစာရိတ်တန်ဖိုးမှာ မြန်မာကျပ်ငွေ သိန်း ၂ ထောင်ဝန်းကျင်ခန့်ကုန်ကျခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင်လည်း တံတားဆောက်လုပ်ပေးရန် တောင်းဆိုထားသည့် နောင်မွန်နှင့် ခေါင်လန်ဖူးဒေသအတွင်း ပြန်လည် လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။

လက်ရှိနိုင်ငံရေးအခြေအနေတွင် ပူတာအိုဒေသခံအများစုမှာ ယခင်ကထက် စားဝတ်နေရေးအတွက်တောတွင်းရှာဖွေလုပ်ကိုင်ကြရသောကြောင့် လမ်းတံတားအသုံးပြုမှု လိုအပ်ချက် ပိုမိုမြင့်မားလာကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button