သတင်း

မြစ်ဆုံနှင့် ချီဖွေဒေသတွင် ကန့်ကွက်နေသည့်ကြား စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်မှု မိုများပြားလာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက်ပိုင်း မြစ်ဆုံဒေသတဝိုက် နှင့် ချီဖွေမြို့ မြစ်ကြောင်းတစ်လျှောက်တွင် စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်နှင့်ဆက်နွယ်သူများက စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု အလွန်များပြားလာကြောင်း ဒေသခံများပြောသည်။

မြစ်ဆုံဒေသတဝိုက်တွင် ဒေသခံများကန့်ကွက်နေသည့်ကြား စီးပွားရေးလုပ်ငန်းရှင်အချို့က ငါးမွေးမြူသည့် လုပ်ငန်းအသွင်ယူပြီး ရွှေတူးဖော်သည့် လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း မြစ်ဆုံဒေသခံတစ်ဦးက ပြောသည်။

“ အဲ့မှာ ရွှေတူးနေတဲ့ အင်လားနော်အောင် အရင်ကတော့ ဒီအထက်ဘက်မှာနေတယ် အခုတော့ စီတာပူမှာ နေတယ်ကြားတယ် ငါးကန်လုပ်မယ်ဆိုပြီး ပြောတယ်။ ရပ်ကွက်ကသူတွေကိုလည်း ငါးကန်လုပ်ဖို့ လက်မှတ် လိုက်ထိုးခိုင်တယ်လို့ ကြားတယ်။ ဘယ်သူတွေ ထိုးလည်းတော့ မသိဘူး။ အခုသူက ငါးကန်တော့ မလုပ်ပဲ ရွှေတူးတဲ့ လုပ်ငန်းကို လုပ်နေတယ်။ သူငါးကန်လုပ်မယ် ပြောတဲ့နေရာမှာ ရေလဲမရှိဘူး။ ငါးကန် လုပ်မယ်ဆိုပြီး အပေါ်ပိုင်း မြေကြီးတွေကိုတော့ ခွာတူးပြီး အောက်ကမြေကြီးတွေကို ကားပေါ်တင်သွားပြီး ဘယ်ကို သွားပုံလည်းမသိဘူး ကျမတို့ စောင့်ကြည့်နေတယ်။ ညတော့ မြေကြီးတွေ တင်တယ်ကြားတယ်။ ၁ ဧက လောက်တော့ ရှိပြီထင်တယ် တူးနေတာ။” ဟု အမည်မဖော်လိုသည့် မြစ်ဆုံ ဒေသခံတစ်ဦးက KNG ကချင် သတင်းဌာနကို ပြောပါသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မေလကစတင်ပြီး မြစ်ဆုံဒေသတွင် အကြီးစား စက်ယန္တရားကြီးများ အသုံးပြုပြီး တူးဖော်နေသော်လည်း အဆိုပါလုပ်ငန်းများကို ရပ်တန့်စေလိုသောဒေသခံများက မည်သည့်အဖွဲ့အစည်းထံသို့ တိုင်ကြားရမည်ကို မသိဘဲ အခက်ကြုံနေရသည်ဟု ဆိုသည်။

ဒေသခံများ၏ ပြောပြချက်အရ အဆိုပါ မြစ်ဆုံဒေသတဝိုက် ရွှေတူးဖော်နေသူများထဲတွင် စစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၏ ခမည်းခမက်တော်စပ်သူ ကချင်ပြည်နယ်၏ ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့်အပြင် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးယွပ်ဇော်ခေါင်လည်း ပါဝင်နေကြောင်း အထက်ပါဒေသခံတစ်ဦးက ဆက်ပြောသည်။

“ယွပ်ဇော်ခေါင် တူးနေတာက မြစ်ကမ်းဘက်မှာတူးတယ်။ ဘုန်းကြီးကျောင်းအနောက်ဘက် တူးနေတာက နောက်တစ်ယောက် ဟုတ်တယ်။ အခုတူးနေကြတာက ဘုန်းကြီး ကျောင်း အနောက်ဘက်မှာ စက်ယန္တရားကြီးဘတ်ဟိုး အကြီး ၂ စီး ရယ် ကားအကြီး ၂စီးရယ်နဲ့ တူးနေ ကြတယ်။ အဲ့မှာ တူးနေကြတာ ၁ လလောက် တောင်ရှိပြီ။ လုပ်ငန်းရှင် ၃ ယောက်ပေါင်းပြီး တူးတယ်လို့တော့ သိရတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာ ကျမတို့လည်း ဘယ်သူ့ကို ပြောဖို့ အကူအညီတောင်းဖို့ အခွင့်အရေးမရှိတော့ဘူး လေ။” ဟု ဆက်ဆိုထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်မှုစတင်လာသောနေရာများတွင် မြစ်ဆုံအထက်ပိုင်း ချီဖွေမြို့ မေခမြစ်ချောင်းတစ်လျှောက်လည်း ပါဝင်သည်။

ချီဖွေမြို့နယ်၊ ကန်ပိုင်ယန်ရပ်ကွက် မြစ်ကြောင်းတစ်လျောက်တွင် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် လုပ်ငန်းရှင်များက လွတ်လွတ်လပ်လပ်ရွှေတူးဖော်နေကြပြီး ၎င်းတို့၏လုပ်ငန်းခွင်များတွင် ပြည်သူ့စစ်အဖွဲ့က လုံခြုံရေးသဖွယ်ရှိနေသဖြင့် ချီဖွေဒေသခံများအနေဖြင့် ကန့်ကွက်ရန် မဖြစ်နိုင်ကြောင်း ပြောသည်။

“ ကျနော်တို့ ချီဖွေမြို့က အမဲရောင်နယ်မြေလေ။ ဒေသခံတွေ ကန့်ကွက်တာတို့ လုပ်ရင် ကျည်ဆံပဲ အပစ်ခံ ရမှာ။ စစ်ကောင်စီနဲ့ ခရိုနီတွေပေါင်းပြီး လုပ်နေတာဆိုတော့ ကျနော်တို့အနေနဲ့ ပြောပြော မပြောပြော ကျည်ဆံ ပဲ တွေ့စားမှာလေ။ အာဏာသိမ်းပြီးနောက်ပိုင်း မေလကနေစပြီး တူးနေကြတာဟုတ်တယ်။ ၁၀ လပိုင်းကနေ တော့ ပိုပြီး လုပ်လာကြတယ်။ ချီဖွေမြို့ထဲမှာကို တူးနေကြတာပါ။ ချီဖွေကပဲ လုပ်ငန်းရှင် ၃ယောက်လောက် လုပ်နေကြတယ်။ ဘတ်ဟိုး အကြီးတွေနဲ့။ မိုးတွင်းဆို ကျနော်တို့ ချီဖွေ မြို့တွင်းကို ရေတိုက်စားမှု ခံရမယ်။” ဟု ချီဖွေဒေသခံ တစ်ဦး KNG ကချင်သတင်းဌာနကို ပြောပါသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေရှိ ရွှေတူးဖော်မှုများကို ပိတ်ပင်လိုက်ကြောင်း ကချင်လွတ်လပ်ရေးကောင်စီ  KIC က ညွန်ကြားထားသည်ဟု KIO သတင်းတွင်ဖော်ပြထားသည်။

သယံဇာတပေါကြွယ်ဝသော ကချင်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေတူးဖော်မှု အလွန်များပြားလာပြီး ၎င်းတို့အနက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နှင့် မြစ်ဆုံအထက်ဘက် မလိခမြစ်ကြောင်းတို့တွင်အများဆုံးဖြစ်သည်။

Show More

Related Articles

Back to top button