ဂိတ်စခန်းဖွင့်ကာ ငွေကြေးကောက်ခံနေသော ဝူယန်ပြည်သူ့စစ်ဂိတ်ကို PDF မှ သွားရောက်ပစ်ခတ်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ပြင် ဝူယန်ကျေးရွာတွင် အသစ်တပ်ချထားသည့် ပြည်သူ့စစ်ဂိတ်တစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့က ယနေ့ နံနက်ပိုင်း ၆ နာရီဝန်းကျင်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
PDF အဖွဲ့က ပျောက်ကျားစနစ်ဖြင့် လက်နက်ကြီး ၅ ကြိမ်ထက်မနည်း သွားရောက်ပစ်ခတ်ခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဝိုင်းမော်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။
“ကျနော်သိရတာက PDF ဘက်ကနေ ပျောက်ကျား စနစ်နဲ့ လာပစ်သွားတယ်လို့ပြောတယ်။ PDF အဖွဲ့က လီဆူ ပြည်သူ့တပ်စခန်းဘက်ကို လက်နက်ကြီး ၅ ခေါက်လောက်ရှိတယ်။ အပြင်ကနေ မမြင်ရတော့ ထိခိုက်မှုတွေက မသိရသေးဘူး။ ဒါပေမယ့် စျေးဆိုင်တစ်ခုမှာတော့ အိမ်ခေါင်မိုးထိသွားတယ်လို့ကြားတယ်” ဟု ပြောဆိုသည်။
PDF အဖွဲ့က လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်ခဲ့သည့်နောက် အဆိုပါပြည်သူ့စစ်တပ်စခန်းဘက်မှလည်း အကြိမ် ၂၀ ခန့် တန်ပြန်ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိ ပြည်သူ့စစ်ဂိတ်ရှေ့မှ သွားလာဖြတ်သန်းသည့် ပြည်သူများကို စစ်ဆေးမေးမြန်းမှုများတင်းကြပ်နေပြီး ပြည်သူတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း နောက်ထပ်ပြည်သူတစ်ဦးထံမှသိရသည်။
“အခုက အဲ့ ပြည်သူ့စစ်ဂိတ်မှာ အဝင်အထွက်အားလုံးကို စစ်ဆေးနေတယ်။ ခဏက ပြည်သူတစ်ဦးကိုလည်း ဖမ်းသွားတယ်လို့ကြားတယ်။ ရပ်ကွက်မှူးအဖွဲ့တွေ ပြောပြလို့သိရတယ်”ဟုပြောဆိုသည်။
ဝူယန်ပြည်သူ့စစ်ဂိတ် ယနေ့ တိုက်ခိုက်ခံရမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သော နိုဝင်ဘာလ ၄ ရက်နေ့ကလည်း KIA က ပထမအကြိမ် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပြည်သူ့စစ်ဂိတ်ကို ဝူယန်ကျေးရွာ နံနက်စျေးအနီးတွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလဆန်းပိုင်းကတည်းက ဒေသခံများက ကန့်ကွက်သည့်ကြား တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတပ်စခန်းကို ဖယ်ရှားပေးရန် ဒေသခံပြည်သူများက စစ်ကောင်စီပြည်နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ထံသို့ ၂ ကြိမ်တိုင်စာတင်ပြတောင်းဆိုထားသော်လည်း ထူးခြားမှု မရှိကြောင်း ပြောသည်။
ဝူယန်ပြည်သူ့စစ်ဂိတ်တွင် ပုံမှန်သွားလာနေသည့် မော်တော်ယာဥ်များထံမှ မှတ်ပုံတင်များ စစ်ဆေးကာ ဟင်းဖိုးဟုပြောဆိုပြီး ကားတစ်စီးတွင် မြန်မာကျပ်ငွေ ၁၀၀၀ နှင့် ၅၀၀၀ကြား ကောက်ခံမှုများ ပြုလုပ်နေကြောင်းသိရသည်။