သတင်း

ဝိုင်းမော်မြို့၊ ဈေးကြီးအပြင်ဘက် ရောင်းချသည့်ဈေးသည်များ ရောင်းချခွင့်အချိန်ကန့်သတ်ခံရ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ကျန်စစ်သားလမ်းပေါ်တွင်ရှိသော နံနက်စျေးတွင် လာရောက်ရောင်းချသည့် အပြင်စျေးသည်များထံမှ အခွန်မရရှိသဖြင့် စည်ပင်သာယာရေးအဖွဲ့က စျေးရောင်းချခွင့်ကို အချိန်ကန့်သတ်လိုက်သောကြောင့် အပြင်စျေးသည်များ စျေးဆက်ရောင်းချရန် ပြသနာအခက်အခဲကြုံတွေ့နေရကြောင်း ဈေးသည်များထံမှ သိရသည်။

ဇန်နဝါရီလ ၁၀ရက် ယနေ့နံနက်ပိုင်းတွင် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က စျေးရောင်းချသည့် အပြင်စျေးသည်များအား နံနက်ပိုင်း ၇နာရီခွဲအထိသာ စျေးရောင်းချခွင့်ပေးမည်ဖြစ်ပြီး သတ်မှတ်ထားသည့် အချိန်ကျော်လွန်ပြီးရောင်းချပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု လိုက်လံခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ဝိုင်းမော်ဒေသခံစျေးသည်တစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့ သည်။

“ဝိုင်းမော်နံနက်စျေးက အတွင်းအပြင်ဆိုပြီး ၂မျိုးခွဲထားတယ်။ အပြင်မှာရောင်းတဲ့သူတွေက ရွာကလူတွေဘဲ လာရောင်းကြတယ်။ အပြင်စျေးက စျေးသက်သာတယ်။ အတွင်းစျေးက အပြင်စျေးထက် စျေးကြီးတယ်။ အဲ့ကြောင့် စျေးဝယ်တဲ့သူတွေက အပြင်စျေးမှာဘဲဝယ်ကြတာများတယ်။ ဒါကို အတွင်းမှာရောင်းတဲ့ စျေးတစ်ချို့က မကျေနပ်လို့ စည်ပင်ကို သွားတိုင်တယ်လို့ကြား တယ်။ အဲ့တော့ စည်ပင်အဖွဲ့က အပြင်မှာရောင်းတဲ့ အပြင်သည်တွေကို ၇နာရီခွဲအထိဘဲရောင်းခွင့်ပေးတော့တယ်။ ဒီကနေ့မနက် လော်နဲ့ လာပြောသွားတယ်။ အပြင်စျေးသည်တွေက စိတ်မကောင်းကြဘူး။ ဒီမနက်တောင် စည်ပင်အဖွဲ့နဲ့ စျေးသည်တွေရန်ဖြစ် ကြတယ်။ သူတို့သတ်မှတ်ပေးတဲ့ အချိန်က ၁နာရီခွဲ ၂နာရီဝန်းကျင်လောက်ဘဲရှိတယ်။ အချိန်အရမ်းနည်းတယ်။ စည်ပင်ဘက်က အပြင်စျေးသည်တွေဆီက အခွန်မရတော့ အခုလိုလုပ်တယ်လို့ဘဲမြင်တယ်”ဟုပြောဆိုသည်။

လက်ရှိအချိန်ကန့်သတ်ချက်ထုတ်ပြန်မှုမှာ အပြင်မှလာရောက်ရောင်းချသည့် အပြင်စျေးသည်များအတွက်သာဖြစ်ပြီး စျေးအတွင်း ရောင်းချသူများကို တစ်နေ့သာလုံး အကန့်အသတ်မရှိ ရောင်းချခွင့်ပေးထားကြောင်းသူက ဆက်ဆိုသည်။

ဝိုင်းမော်မြို့ နံနက်စျေးတွင် အပြင်စျေးသည်များအား ပုံမှန် နံနက်ပိုင်း ၁၁နာရီဝန်းကျင်အထိရောင်းခွင့်ပေးထားပြီး ယခင်ခွင့်ပြုထားသည့် အချိန်အတိုင်း ပြန်လည်ရောင်ချခွင့်ရချင်သည်ဟု နောက်ထပ်စျေးသည်တစ်ဦးက ယခုလိုပြောဆိုခဲ့သည်။

“စျေးသည်တွေကို ၇နာရီခွဲလောက်မှာ ပြန်သိမ်းခိုင်းတာက လုံးဝအဆင်မပြေဘူး။ ဒီမနက်ဆို တစ်ချို့ဆိုငိုကြတယ်။ စည်ပင်က စျေးသည်တွေကို လာဆဲဆိုကြတယ်။ ကျမတို့က စျေးရောင်းရဖို့အတွက် မနက် ၅နာရီလောက်ကတည်းက အဝေးကြီးကနေ လာရတယ်။ ရောင်းရတဲ့အချိန်က ခဏဘဲဆိုတော့ အဆင်မပြေဘူး။ ဘာဘဲဖြစ်ဖြစ် အရင်ပုံစံလေးနဲ့ဘဲ ပြန်ရောင်းချင်တယ်”ဟု ပြောဆိုသည်။

အဆိုပါ ဝိုင်းမော်နံနက်စျေးတွင် အပြင်စျေးသည်အဖြစ် ပုံမှန်ရောင်းချသည့် စျေးသည်၂၀ ဝန်းကျင်ခန့်ရှိပြီး မြစ်ကြီးနားမြို့ပေါ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိသော ကျေးရွာများမှ လာရောက်ရောင်းချနေကြကြောင်းသိရပါသည်။

Show More

Related Articles

Back to top button