သတင်း

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် တစ်သျှူးငှက်ပျောကားမောင်းသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် ၃၀၀ နီးပါး နေရာထိုင်ခင်းအခက်အခဲဖြစ်နေ

ကချင် တရုတ်နယ်စပ် လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်ပိတ်ထားသောကြောင့် ထိုဂိတ်အနီးတွင်စောင့်ဆိုင်းနေသော တရုတ်တစ်သျှူးငှက်ပျောကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၃၀၀ နီးပါးအတွက် နေရာထိုင်ခင်းအခက်အခဲ ကြုံတွေ့နေသည်ဟု သိရသည်။

လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြန်ဖွင့်ပေးမည်ဟု တရုတ်အစိုးရဘက်က ပြောဆိုခဲ့သည့် သတင်းများကြောင့် ယင်းနယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ငှက်ပျောကားများ စောင့်ဆိုင်းနေကြသည်ဟု သိရသည်။

ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအတွက် လွယ်ဂျယ်ဂိတ်အတွင်း နေရာထိုင်ခင်းများ ပြင်ဆင်ပေးထားသော်လည်း ထိုနေရာတွင် ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးစီးသူများသာနေထိုင်ခွင့်ရမည်ဖြစ်သောကြောင့် ကားသမားများမှာ ဂိတ်အတွင်းတွင်မနေပဲ ဂိတ်ပြင်ဘက်၌ခက်ခက် ခဲခဲ နေထိုင်နေရကြောင်း ကားသမားတစ်ဦးဖြစ်သည့် ကိုလေး က ပြောသည်။

“နေစရာနေကပေးတော့ပေးထားတယ်။ ကိုဗစ်နှစ်ခါဆေးထိုးပြီးလက်မှတ်ပါမှ သူတို့စီစဉ်ပေးတဲ့နေရာကို သွားလို့ရတာ။ အဲ့ဒါ ကြောင့် အထဲမှာနေတဲ့လူကနည်းတယ်။ လေးယောက် ငါးယောက်လောက်ပဲ ရှိတယ်။ အဓိကအဲ့အထဲမှာ သွားမနေ ကြတာက အပြင်ပြန်ထွက်လို့မရတာရယ်။ အထဲမှာက ထမင်းလည်းမချက်စားရဘူးတဲ့ အဲ့ ကြောင့်ကားသမားတွေက အပြင်မှာပဲ တဲထိုးပြီးနေကြတာ။ ဆိုင်ကနေ မှာစားမယ်ဆိုရင် ထမင်းတစ်ပွဲကို သုံးထောင်ငါးရာရှိတယ် ဆိုတော့ နှစ်ယောက်ဆိုရင် လိုက်ပွဲနဲ့ဘာနဲ့ဆိုရင် မနက်စာကိုပဲ တစ်သောင်း လောက်ကုန်မှာ တစ်ရက်ကို စားစရိတ်နှစ်သောင်းဆိုတော့ အထဲမှာနေဖို့က အဆင်မပြေဘူး” ဟု ၎င်းက ပြောသည်။

နယ်စပ်ဂိတ်ပြန်ဖွင့်မည်ဆိုသည့်သတင်းကြောင့် လတ်တလော နယ်စပ်ဂိတ်တွင်စောင့်ဆိုင်းနေသည့်  တရုတ်တစ်သျှူးငှက်ပျောကားအစီးရေ ၁၅၀ ကျော်ရှိပြီး ယာဉ်မောင်းတစ်ရာကျော်နှင့် ယာဉ်နောက်လိုက်တစ်ရာကျော် စုစုပေါင်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၃၀၀ နီးပါး နေရာထိုင်ခင်းအခက်အခဲ ကြုံတွေ့နေရကြောင်းကို ကားသမားတစ်ဦးက KNG သတင်းဌာန သို့ ယခုကဲ့သို့ ပြောသည်။

“ အပြင်မှာမိုးကားတဲလေးတွေထိုးပြီးမှ ဖြစ်သလိုပဲအိပ်နေကြတာ ဖြစ်သလိုပဲစားကြတာ။ ကားသမားတွေအများကြီးပဲ လူဦးရေကတော့များတယ်။ ကားတစ်စီးကိုနှစ်ယောက်နှုန်းနဲ့တွက်မယ်ဆိုရင် ကားအစီးရေ တစ်ရာ့ငါးဆယ်ကျော်တော့ လူပေါင်းသုံးရာနီးပါးရှိတယ်။ အားလုံးက ဘေးမှာမိုးကာ လေးတွေကာပြီးမှ နေ နေကြတာ။ နေရာထိုင်ခင်းတော့အဆင်မပြေဘူး။ ဒီလိုသာကြာကြာနေမယ်ဆိုရင် ကျန်းမာရေးထိုခိုက်နိုင်ပါတယ်” ဟု ကားသမားတစ်ဦးကပြောသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်ထားမှုကြောင့် ကုန်ကားမထွက်ရ သည်မှာ ဇူလိုင်လကတည်းကဖြစ်ပြီး ကုန်ကားထွက်မှ လုပ်အားခရမည်ဖြစ်၍ ကိုယ့်စားရိတ်ကိုယ်စား စနစ်ကြောင့် ပြင်ဆင်ပေးထားသည့် ဂိတ်အတွင်းတွင် မနေပဲ ဂိတ်အပြင်တွင် ခက်ခက်ခဲခဲနေထိုင်ရခြင်းဖြစ်ကြောင်းသိရသည်။

“အထဲမှာနေရင် ထမင်းကဝယ်စားရမှာ။ ကုန်စျေး နှုန်းကကြီး အလုပ်ကမဖြစ်တော့ အထဲမှာဆိုစားစရိတ် အဆင်မပြေကြဘူး။ အပြင်မှာကတော့ အဆင်ပြေသလိုချက်စားပြုတ်စားလို့ရတယ်လေး။ အဲဒါကြောင့် အပြင်မှာပဲထွက်နေလိုက်ကြတာ” ဟု အမည်မဖာ်လိုသူ ကားသမားတစ်ဦးကပြောသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် တရုတ်ပြည်သို့ ဗန်မော်ခရိုင်မှ ထွက်သည့် ငှက်ပျော၊ ဖရဲ၊ ကြံများကိုတင်ပို့လျက်ရှိပြီး လတ်တလောအသင့်စောင့်ဆိုင်းနေသည့် ကုန်ကားအစီး သုံးရာနီးပါး မှာ တရုတ်တစ်သျှူးငှက်ပျောကားများသာဖြစ်ကြောင်း သိရသည်။

အဆိုပါ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို တရုတ်အစိုးရဘက်က နိုဝင်ဘာလတွင် နှစ်ကြိမ်၊ ဒီဇင်ဘာလတွင်တစ်ကြိမ် စုစုပေါင်းသုံးကြိမ်တိုင်တိုင် ဖွင့်လှစ်ရန်စီစဉ်ခဲ့ပြီး ယခုအချိန်ထိမဖွင့်လှစ် နိုင်သေးသောကြောင့် အသင့်စောင့်ဆိုင်းနေသည့် တရုတ်တစ်သျှူးငှက်ပျောကားများအထိနာနေကြောင်း လည်းသိရသည်။

ကချင်ပြည်နယ်အတွင်းက လွယ်ဂျယ်ဂိတ်အပါအဝင် ပန်ဝါနှင့်ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ကိုဗစ်ကပ်ရောဂါကြောင့်တရုတ်ဘက်က ဇူလိုင်လ ၁၁ ရက်နေ့ကစတင်ပိတ်ထားခဲ့ပြီး လတ်တလောတွင် ကန်ပိုက်တည်ဂိတ်တစ်ခုတည်းသာဖွင့်လှစ်နိုင်သေးသည်။

Show More

Related Articles

Back to top button