KIA ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရသော ကချင်လူငယ် ၂၉ ဦးအနက် အသက်မပြည့်သူများကိုလွတ်ပေးပြီး အသက်ပြည့်သူများကို ထောင်ဒဏ် ၂ နှစ်စီချမှတ်

KIA တပ်မဟာ ၂ နယ်မြေမှ ထွက်လာချိန် တနိုင်းမြို့တွင် ဖမ်းဆီးခံလိုက်ရသည့် ကချင်လူငယ် ၂၉ ဦးအနက် အသက်မပြည့်သူများကို ပြန်လွတ်ပေးခဲ့ပြီး အသက်ပြည့်သူများကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လူငယ် ၂၉ ဦးမှာ ပြီးခဲ့သောနှစ် ၂၀၂၁ မေလ ၁၅ ရက်နေ့ တနိုင်းမြို့ဝင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီးနောက် တရားရင်ဆိုင်ခဲ့ကြရာ ၇ လကြာပြီးနောက် ဒီဇင်ဘာလ ၉ရက်နေ့တွင် အသက်မပြည့်သူ လူငယ် ၈ ဦး လွတ်မြောက်လာပြီး ၂၀၂၂ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျန်သည့်လူငယ် ၂၁ ဦးကို ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
“အခု လွတ်လာတဲ့သူတွေက ၈ ဦးရှိတယ်။ ဒီလွတ်လာတဲ့သူတွေက အသက် ၁၈နှစ်အောက်ငယ်တဲ့သူတွေကြီးဘဲ ရှိသေးတယ်။ သူတို့ကို ဇူလိုင်လလောက်မှာတောင် လွတ်မယ်လို့ပြောထားတာ ဟုတ်တယ်။ ဒါပေမယ့် မလွတ်ပေးခဲ့ဘူး ၃လလောက်ကြာသွားတယ်။ ဒီဇင်ဘာ ၉ရက်နေ့မှာဘဲ အမိန်ချမယ်ဆိုပြီး တရားရုံးမှာ သူတို့ရဲ့မိဘတွေနဲ့ ဒီအမှုကို လိုက်ပေးတဲ့သူတွေ အားလုံးကို ရုံးချိန်းပြန်ခေါပြီး တစ်ခါတည်း လွတ်ပေးလိုက်တဲ့အကြောင်း အမိန့်ချလိုက်တာ ဟုတ်တယ်။ ကျန်တဲ့ ၂၁ ယောက်ကိုတော့ ပြန်မလွတ်ဘဲသေးဘဲ ထောင် ၂နှစ်စီချလိုက်တယ်” ဟု အဆိုပါလူငယ်များ၏ အမှုကို ကူညီပေးနေသူတစ်ဦးက KNG ကို ပြောဆိုသည်။
ပြန်လည်လွတ်မြောက်လာသော လူငယ် ၈ ဦးမှာ အင်ဆိုင်း(လဲ)န်လဒင့်အောင်၊ မရန်ဆိုင်းနော်၊ ဖော်မြန်းဘောက်လာ၊ လဇွမ့်ဇော်ထွယ့်၊ လရှီးနော်လွန်၊ ဖော်မြန်းလုဘူ၊ မရန်ရွယ်ဂျာနှင့် ရှန်ထိန်းဆိုင်းနန် စသဖြင့် ယောကျာ်းလေး ၅ဦးနှင့် မိန်းကလေး ၃ဦးဖြစ်သည်။
တနိုင်းမြို့နယ်တရားရုံးမှ အသက် ၁၈ နှစ်အောက်လူငယ် ၈ ဦးကို လွတ်ပေးခဲ့သော်လည်း လွတ်မြောက်လာသည့် နေ့ရက်မှစ၍ ၃နှစ်အတွင်း KIA နှင့် မသင်္ကာသည့် သွားလာလှုပ်ရှားမှုများ ရှောင်ကျဉ်ရမည်ဟု မိဘများနှင့်တာဝန်ရှိသူများကို ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။
ထိုသို့ဝန်ခံကတိကို လိုက်နာမှုမရှိဘဲ မသင်္ကာဖွယ်တစ်စုံတစ်ခုပေါ်လာပါက တနိုင်းမြို့နယ်တရားရုံးသို့ တစ်ဦးလျှင် ငွေ သိန်း ၅၀ လာရောက်ပေးဆောင်ရမည်ဟု ပြောဆိုထားကြောင်းသိရသည်။
လွတ်မြောက်ရာတွင် ပါဝင်သော လူငယ်တစ်ဦး၏ မိခင်ဖြစ်သူက “၈ယောက်လွတ်လာတဲ့ထဲမှာ ကျမသားပါတော့ အရမ်းပျော်တယ်။ ဒါပေမယ့် မလွတ်သေးတဲ့သူတွေရှိနေသေးတော့ စိတ်မကောင်း ဘူး။ အခုဆို ထောင် ၂နှစ် ပြန်ချလိုက်တာကြားရတော့ပိုပြီး စိတ်မကောင်းဖြစ်ရတယ်။ တစ်ချို့ကလေးလွတ်လာပြီး သူတို့က လွတ်တဲ့ထဲမပါတော့ ငိုကြတယ်။ အားလုံးက တစ်ဖွဲ့လုံးကို အတူလွတ်လာမယ်လို့မယ်လို့ပဲထင်ထားကြတာလေ။ အဲ့ကြောင့် စိတ်မကောင်းဖြစ်ရပါတယ်” ဟု KNG ကို ပြောသည်။
စစ်ကောင်စီတပ်၏ ထောင်ဒဏ် ၂နှစ်စီချမှတ်ခံလိုက်ရသည့် လူငယ် ၂၁ ဦးကို မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်ရမည်ဖြစ်သော်လည်း စစ်ကောင်စီဘက်က လုံခြုံရေးအရ သယ်ယူပို့ဆောင်ရေးတွင် အခက်အခဲရှိနေသောကြောင့် နဂိုမူလထားရှိသည့် စစ်တပ်စခန်းများတွင်သာ ဆက်ထားမည်ဟု သိရသည်။
၎င်း လူငယ် ၂၁ ဦးကို တနိုင်းမြို့အခြေစိုက် ခမရ (၃၁၈) တပ်စခန်းတွင် ကျား ၅ဦး မ ၂ဦး၊ ခလရ (၂၃၈) တပ်စခန်းတွင် ကျား ၂ဦး မ ၃ဦး၊ ခလရ (၈၆) တပ်ရင်းတွင် ကျား ၇ဦး မ ၂ဦး စသဖြင့် စစ်တပ် ၃ နေရာခွဲကာ ထားရှိသည်ဟု သိရသည်။
ဖမ်းဆီးခံရသည့် လူငယ် ၂၉ ဦးမှာ ၂၀၂၁ခုနှစ် မေလ ၁၅ရက်နေ့တွင် KIA တပ်မဟာ ၂ နယ်မြေဘက်မှ ပြန်လာခဲ့သည်ဟု ယူဆရသောကြောင့် တနိုင်းမြို့အဝင် စစ်ဆေးရေးဂိတ်တွင် စစ်တပ်က ဖမ်းဆီးလိုက်ပြီး လူငယ် ၂၉ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ဖြင့်တရားစွဲဆိုကာ စစ်ကြောရေးကာလ ၉လခန့်အကြာနှင့် ရုံးချိန်း ၁၂ကြိမ်ထက်မနည်း ချိန်းဆိုပြီး တရားရုံးမှ အမိန့်ချလိုက်ခြင်းဖြစ်သည်။
အဆိုပါ လူငယ် ၂၉ဦးမှာ တနိုင်းလမ်း လီဒိုလမ်းမပေါ်ရှိ နောင်းမီနှင့်ဝါရာဇွပ်ကျေးရွာ ၂ခုတွင် နေထိုင်သည့် ကချင်လူငယ်များ ဖြစ်ကြပြီး ၂၉ဦးတွင် နောင်းမီကျေးရွာမှ ၂၅ဦးနှင့် ဝါရာဇွပ်ကျေးရွာမှ ၄ဦးပါဝင်ပါသည်။
ယခုလွတ်မြောက်လာမှုတွင် ဝါရာဇွပ်ကျေးရွာမှ လူငယ် ၄ဦးပါဝင်ခြင်းမရှိဘဲ နောင်းမီးကျေးရွာမှ လူငယ် ၈ဦး သာဖြစ်ပါသည်။
လူငယ် ၂၉ဦးဖမ်းဆီးခံရပြီးနောက် တနိုင်းမြို့ ဘာသာရေးဆရာများနှင့် လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများ၏ လိုက်ပါဆောင်ရွက်ခဲ့မှုကြောင့် ပြန်လည်မြောက်လာခဲ့ခြင်းဖြစ်သည်ဟု ပြန်လည်လွတ်မြောက်လာသည့် မိသားစုဝင်များ၏ ပြောဆိုချက်မှသိရသည်။