သတင်း

လိုင်ဇာမြို့သို့ဝင်လာသူများ ကာကွယ်ဆေးမထိုးထားလျှင် ကွာရန်တင်း ၁၄ ရက် ထပ်ဝင်ရမည်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာမြို့တွင် Covid-19 ရောဂါအခြေအနေအရ အခြားမြို့နယ်မှလိုင်ဇာမြို့သို့ ဝင်ရောက်လာမည့် ကာကွယ်ဆေးမထိုးထားသည့် မည်သူမဆို မိုင်ဆပ်ပါ ကိုဗစ်-၁၉ ကာကွယ်ရေးစင်တာတွင် Quarantine ၁၄ ရက် ပြန်ဝင်ရတော့မည်ဟု သိရသည်။

လက်ရှိ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာလျော့နည်းလာခြင်းကြောင့် ယခုလ ၃ ရက်နေ့မှစ၍ Lockdown ဖြေလျော့လိုက်ပြီဖြစ်သော်လည်း နယ်စပ်ဂိတ်များတွင် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်ရရှိသူများကိုသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း KIO ကိုဗစ်ကာကွယ်ရေးဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝမ် က KNG ကို ပြောသည်။

“ ကျနော်တို့ ယခုလ ၃ ရက်နေ့ကနေစပြီး Lockdown ကို နဲနဲဖြေလျော့လိုက်တယ်။ မိုင်ဆပ်ပါ ၊ ဒွမ်ဘုံးလို ကနေ ဝင်လာတဲ့သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ ကဒ်ရတဲ့သူတွေနဲ့ Positive ဖြစ်ဖူးတဲ့သူတွေကိုတော့ ဆေးထပ်မစစ်ပဲ တစ်ခါထဲဝင်ခိုင်းတယ်။ ကိုဗစ်ကာကွယ်ဆေးလဲ မထိုးသေးသူနဲ့ ရောဂါလဲမဖြစ်သေးတဲ့သူတွေကိုတော့ ဆေးစစ်ခံယူပြီး Q ၁၄ ရက် မိုင်ဆပ်ပါ ကိုဗစ်ပြုစုရေးစင်တာမှာ ဝင်ရမယ်။ ဒွမ်ဘွန်မှာတော့ ဒါတွေ မရှိသေးတာကြောင့် ဒီနေ့မှ သွားပြီးဘယ်လိုလုပ်မယ်ဆိုတာ ပြင်ဆင်နေတယ်။” ဟု KIO ကိုဗစ်ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က ဆိုသည်။

မိုင်ဆပ်ပါ ကိုဗစ်ကာကွယ်ပြုစုရေးစင်တာတွင် Quarantine ၁၄ ရက် ဝင်လာသူများကို တစ်ဦးလျှင် ဆေးစစ်ခ ၅ ထောင်ကျပ် နှင့် စားသောက်စရိတ် ၅ သောင်းကျပ်၊ စုစုပေါင်း ၅၅၀၀၀ ကျပ် ကောက်ခံပြီး ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ စားရေးသောက်ရေးအားလုံးကို တာဝန်ယူလုပ်ဆောင်ပေးနေကြောင်း သိရပါသည်။

“ကျနော်တို့အနေနဲ့ Q ဝင်တဲ့သူတွေကို တစ်ယောက်ကို ဆေးစစ်ခ ၅ ထောင် နဲ့ အစားအသောက်အတွက် ၅သောင်းကောက်ပြီး ကော်မတီက ချက်ပြုတ်ပြီး အစားသောက်စီစဉ်ပေးတယ်။ အရမ်းငယ်သေးတဲ့ ကလေးတွေကိုတော့ မကောက်ဘူး လူကြီးတွေကိုတော့ စားသောက်စရိတ် ကောက်တယ်။” ဟု ဆက်ဆိုထားသည်။

ထို့အပြင် လိုင်ဇာ Covid-19 ထိန်းချုပ်ရေးကော်မတီမှ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကာလ KIO ထိန်းချုပ်နယ်မြေ တွင် ဝင်ရောက်လာသူများအား ဆေးစစ်ဆေးမှုခံယူသည့်အပြင် ကွာရန်တင်း၂၁ ရက်ထိ ထပ်တိုးမြင့်ခဲ့ပြီး ယခုလမှစ၍ ပိုးကူးစက်မှု လျော့နည်းလာသည့်အတွက် လက်ရှိချိန် ကွာရန်တင်းဝင်ရောက်မှု ရက်အား ၁၄ ရက်ထိ သတ်မှတ်ထားဆဲ ဖြစ်သည်။

လက်ရှိ လိုင်ဇာမြို့တွင်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေသည့်အပြင် အကြိမ်ပြည့်ထိုးပြီးသူ ဦးရေ ၁သောင်း ကျော် ဝန်းကျင်ခန့်ရှိပြီး ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button