သတင်း

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ပြန်ဖွင့်၊ နေ့စဉ်သီးနှံကား အစီး ၅၀ ခန့်ဖြင့် ကနဦးကုန်သွယ်ရန် စီစဉ်ထား

မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ်၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ် စတင်ဖွင့်လိုက်ပြီဖြစ်ပြီး မြန်မာဘက်မှ တစ်နေ့လျှင် သီးနှံကားအစီးငါးဆယ်ခန့်ဖြင့် ကနဦးကုန်သွယ်ရန်စီစဉ်ထားကြောင်း သိရသည်။

ဗန်းမော်ခရိုင်အတွင်းရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်သည် ကိုဗစ်ကပ်ရောဂါကြောင့် ခြောက်လ ကျော်ကြာ ပိတ်ထားပြီး‌နောက် မြန်မာ-တရုတ်နှစ်ဘက်တာဝန်ရှိသူများနှင့် ကုန်သည်ကြီးများ၏သဘော တူညီချက်အရ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာဘက်မှနေ့စဉ် သီးနှံကားအစီး ၅၀ ခန့်ဖြင့် ကနဦးကုန်သွယ်ရန်စီစဉ်ထားကြောင်း ကချင်ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများ အသင်း(ဗန်းမော်ခရိုင်)မှ တာဝန်ရှိသူတစ်ဦးက KNGသတင်းဌာနသို့ ပြောသည်။

“ဟုတ်ပါတယ်။ မနေ့ကစပြီးတော့မှ ဖွင့်ပါတယ်။မနေ့ကပဲ ငှက်ပျောကားက ကိုးစီး၊ ကြံကသုံးစီး မနေ့က စပြီးဝင်ပါတယ် မနေ့က ၁၁နာရီလောက်မှ စပြီးဝင်ပါတယ်။ သူတို့က ကုန်ကားတွေကို ဟိုဘက်ကိုပေးမ ဝင်ဘူး နယ်စပ် ခြံစည်းရိုးမှာကားဖင်ထိုးပြီးတော့ကုန်တွေကို ကရိန်းနဲ့ပစ္စည်းချိန်းတယ် အခုသွားနေတဲ့စနစ်က ကားဝင်းမှာ ကားမောင်းသမား တွေကိုလှဲတယ် အခုကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ camp သွင်းထားတဲ့ ကားသမားတွေနဲ့ လှဲတယ် ဟိုနေ့ကတော့တစ်ရက်ကို အစီးလေးဆယ် မှန်းထားတယ်။အဲ့ထဲကကိုးစီးစဝင်တယ်။လောလောဆယ် ညွန်ကြားလာတဲ့အရတော့ မော်တော်ယာဉ်အသင်းနှင့် ပို့/ဆက် တို့ညှိနှိုင်းချက်အရတော့ ကားတွေအရမ်းကြီးကြပ်နေမှဆိုလို့ တစ်ရက်ကို ကား အစီးငါးဆယ် ငါးဆယ်ထိန်းပြီတော့ လွတ်ပေးဖို့တော့ လုပ်ထားတယ်။” ဟု ကချင်ပြည်နည်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း (ဗန်းမော်ခရိုင်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှ ပုံမှန်အားဖြင့် ဗန်းမော်ခရိုင်ထွက် တရုတ်တစ်သျှူးငှက်ပျော၊ ဖရဲ၊ ပြောင်း၊ကြံနှင့် အခြားဒေသထွက်သီးနှံများကိုတင်ပို့လျက်ရှိပြီး လတ်တလောတွင် တရုတ်အစိုးရဘက်က တစ်သျှူးငှက်ပျောနှင့် ကြံကိုသာ တင်ပို့ခွင့် ခွင့်ပြုထားကြောင်း သိရသည်။

“ဘာတွေတင်ပို့မလဲဆိုတော့အခုလောလောဆယ်တော့ ဒီမှာက ပို့ကုန်သီးနှံပေါ့ဗျာ ပို့ကုန်သီးနှံဆိုတော့ လောလောဆယ် တရုတ်ဘက်က လိုအပ်ချက်အရတော့ ကြံနှင့် ငှက်ပျောကိုကနဦိးတင်ပို့ခွင့်ပြုထား တယ်။ဒါပေမယ့်ကျန်တဲ့သီးနှံတွေလည်းနောက်ပိုင်းဝင်ခွင့်ပေးမယ်လိုတော့ ထင်တာပဲ။အခုလောလော ဆယ်ကတော့ ကြံနှင့် ငှက်ပျောကိုပဲတရုတ်ဘက်ကလက်ခံတယ်။” ဟု ဗန်းမော်ခရိုင်မှ ငှက်ပျောစိုက်သူ တစ်ဦးကပြောသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် မောင်းနှင်နေသည့် ကုန်ကားသမားများအား ကျန်းမာရေး စစ်ဆေးပေးသည့်အခြေအနေနှင့်စပ်လျဉ်း၍ ယင်းလမ်းပိုင်းတွင်  မောင်းနှင်နေသည့် ကုန်ကားသမားတစ် ဦိးအားဆက်သွယ်မေးမြန်းခဲ့ရာ ယခုကဲ့သို့ဆိုသည်။

“မနေ့ကတော့ကျွန်တော်တို့ ဂိတ်ဝင်းအပြင်မှာနေတဲ့ကားသမားတွေကို စာရင်းကောက်သွားတယ် ကိုဗစ် ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေကို ထိုးပြန်ထိုးပေးဖို့ ။ကျွန်တော်တို့ဒီဂိတ်ကိုလာတဲ့အခါမှာလည်း ဆေးစစ်ပေးတာတော့မရှိသေးဘူး။အစီအစဉ်ကဘယ်လိုလာမလဲမသိသေးဘူး။” ဟု အမည်မဖော်လိုသည့် ကားသမားတစ်ဦးကပြောသည်။

လွယ်ဂျယ်ကားသမားများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီးသူများသာ ဂိတ်ဝန်းအတွင်း ရှိပြင်ဆင်ထားသည့်နေရာတွင်နေထိုင်ခွင့်ရှိပြီး ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်မထိုးနှံသေးသည့် ကားသမား များမှာ ဂိတ်အပြင်တွင် မိုးကာတဲထိုးကာ ခက်ခက်ခဲခဲနေထိုင်နေရကြောင်းသိရသည်။

ကချင်ပြည်နယ်အတွင်းက လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်အပါအဝင် ကန်ပိုက်တည်နှင့် ပန်ဝါ နယ်စပ်ကုန်သွယ်ရေးဂိတ်တို့က ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်အစိုးရဘက်က လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းတွင် ပိတ်ခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် ကန်ပိုက်တည်နှင့် လွယ်ဂျယ်ဂိတ်တို့ မှာပုံမှန်အတိုင်းကုန်သွယ်ခွင့်ရနေပြီဖြစ်သည်။

Show More

Related Articles

Back to top button