စစ်ပြေးဒုက္ခသည်များသတင်း

ပမ္မတီးစစ်ရှောင်များ နေရာအသစ်တွင် ထပ်မံပြောင်းရွှေ့ရန် ခက်ခဲနေ

မြစ်ကြီးနား​မြို့ ၊ ပမ္မတီးရပ်ကွက် နယ်မြေ ၅ တွင် တိမ်းရှောင်နေကြသည့် စစ်ရှောင်စခန်းကို မြေပိုင်ရှင်မှရွှေ့ပြောင်းခိုင်းနေသောကြောင့် စစ်ရှောင်များ ထပ်မံ ရွှေ့ပြောင်းနေထိုင်ရန် အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

ထိုစစ်ရှောင်စခန်းကို မြေရှင်က ၅နှစ်သာ နေထိုင်ခွင့်ပြုထားခြင်းဖြစ်ပြီး ယခုနှစ်အတွင်း နေရာရွှေ့ပြောင်းပေးရန် မြေရှင်က ၂ ကြိမ်လာရောက်ပြောဆိုထားသည်ဟု ပမ္မတီးရှင်ရှောင်တာဝန်ခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

“ဒီမှာနေဖို့ ခွင့်ပြုထားတဲ့ မြေပိုင်ရှင်က ရွှေ့ပြောင်းပေးဖို့ ပြောလာတယ်။ ကျနော်တို့ စစ်ရှောင်တွေက ဘယ်ကို ရွှေ့ပြောင်းနေထိုင်ရမှာကို မသိတော့ဘူး။ ရွှေ့ပြောင်းနေထိုင်ဖို့ နေရာလည်း မရှိဘူး။ တခြားနေရာမှာ ရွှေ့ပြောင်းဖို့ဆိုလည်း မြေဌားရမ်းခတွေ လိုအပ်လာပြီ ကျနော်တို့မှာ အဲ့လို ဌာရမ်းနေဖို့လည်း အဆင်မပြေဘူး” ဟု ပြောဆိုသည်။

စစ်ရှောင်များအနေဖြင့် လက်ရှိနေထိုင်သည့် နေရာတွင် စစ်ရှောင်လူမှုကူညီရေးအသင်းအဖွဲ့က လုံခြုံသည့် အဆောက်အဦးများဖြင့် ဆောက်လုပ်ပေးထားသည်မှာ ၂ နှစ်ခန့်သာရှိသေးသည့်အတွက် ထိုနေရာတွင် ဆက်လက် နေလိုကြောင်း သူက ဆက်ဆိုသည်။

“ကျနော်တို့ ဒီနေရာမှာ နေတာ ၅နှစ်ထဲ ရောက်လာပြီ။ ဒါပေမယ့် ၃နှစ်လောက်က မိုးကာတဲနဲ့ ခက်ခက်ခဲခဲနေခဲ့ရတယ်။ အဆောက်အဦးရတာလည်း မကြာသေးဘူး။ အခုပြန်ရွှေ့ရမယ်ဆိုတော့ စစ်ရှောင်အားလုံးက စိတ်ညစ်နေရတယ်။ ဖြစ်နိုင်ရင် ဒီနေရာမှာဘဲ ၃နှစ်လောက် နေချင်သေးတယ်” ဟု ဆက်ဆိုသည်။

၎င်း စစ်ရှောင်များမှာ ၃ နှစ်ခန့်အကြာ မိုးကာတဲထိုးများဖြင့် ခက်ခက်ခဲခဲနေထိုင်ခဲ့ကြပြီး ၂၀၂၀ ခုနှစ်မှ လုံခြုံသည့် အဆောက်အဦးများဖြင့် ၂ နှစ်ခန့်သာ နေထိုင်သေးရာမှ ပြန်လည်ရွှေ့ပြောင်းခံရခြင်း ဖြစ်သည်။

စစ်ရှောင်များက ဆက်လက်ခိုလှုံရန်နေရာ အခက်အခဲ ကြုံတွေ့လာရသောကြောင့် နေရပ်သို့ ပြန်လည် နေထိုင်ရန် ပြင်ဆင်နေသော်လည်း နိုင်ငံရေးမတည်ငြိမ်မှုဖြစ်ပေါ်နေသည့်အချိန်တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားလာနိုင်သည့်အတွက် စိုးရိမ်မှုများရှိနေကြသည်။

လက်ရှိ စစ်ရှောင်စခန်းတွင် လူဦးရေ ၁၄၀ ကျော်ခန့်နေထိုင်လျက်ရှိသည်။

အဆိုပါ စစ်ရှောင်များမှာ ၂၀၁၈ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့ကြား မိုးကောင်းမြို့နယ် နမ္မတီးမြို့အနီးရှိ ကဆုန့်တွင် တိုက်ပွဲဖြစ်ပွားလာသောကြောင့် ထွက်ပြေးလာသော စစ်ရှောင်များဖြစ်ကြသည်။

စတင်ထွက်ပြေးလာစဉ်တွင် နမ္မတီးမြို့ ကံလှကျေးရွာရှိ AG ဘုရားကျောင်းတွင် တိမ်းရှောင်နေရာမှ ရေဘေးဒဏ်ကို ကြုံတွေ့ရသဖြင့် ၄လ ခန့်သာနေထိုင်ခဲ့ပြီး မြစ်ကြီးနားဘက်သို့ ထပ်မံရွှေ့ပြောင်းနေထိုင်ခဲ့ကြခြင်းဖြစ်သည်။

Show More

Related Articles

Back to top button