သတင်း

စစ်တပ်ထုတ်ကုန်ပစ္စည်း ရောင်းချမှုတားမြစ်ချက် ထိရောက်ကြောင်း KIO ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူများပြော

ကချင်ပြည်နယ်တွင် စစ်ကောင်စီထုတ်ကုန်ပစ္စည်းဖြစ်သော အရက်ဘီယာများ တင်သွင်းရောင်းချမှု နည်းပါးသွားပြီဟု KIO အုပ်ချုပ်ရေးတာဝန်ရှိသူများထံမှ သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO က အာဏာသိမ်းစစ်တပ်နှင့် အကျိုးတူလုပ်ဆောင်နေသော Myanmar Beer ၊ Dagon Beer နှင့် ABC စသောကုန်ပစ္စည်းများကို ၂၀၂၂ ဇန်နဝါရီလ ၁၀ရက်နောက်ပိုင်း ရောင်းဝယ်ခွင့်ပိတ်ပင်လိုက်ကြောင်း ဇန်နဝါရီလ ၄ရက်နေ့ ရက်စွဲဖြင့် ကချင်ပြည်နယ်အတွင်းရှိ KIO အုပ်ချုပ်ရေးခရိုင်အသီးသီးက သတိပေးစာ ထုတ်ပြန်ခဲ့သည်။

သတိပေးစာထုတ်ပြန်ခဲ့ပြီးနောက် KIO အနေဖြင့် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်တို့တွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေပြီး ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များတွင် တင်သွင်းရောင်ချမှု ရပ်တန့်ထားသည်ကိုမြင်တွေ့ရသည်ဟု KIO မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“အခုချိန်မှာကတော့ ကျနော်တို့ဘက်ကနေ သတိပေးထားပြီဖြစ်တဲ့အတိုင်း လိုက်လံစစ်ဆေးမှုတွေကို ပြုလုပ်နေပြီ။ အခုကွင်းဆင်းပြီး စစ်ဆေးသလောက်ကတော့ KIO ရဲ့သတိပေးမှုက ထိရောက်တယ်လို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဆိုင်တိုင်းလိုလိုက ပြန်ပြီးတင်သွင်းရောင်းချတာ မလုပ်ကြတော့ဘူး။ ဒါပေမယ့်တစ်ချို့နေရာတွေမှာတော့ ရောင်းချနေတာတွေရှိသေးတယ်။ ဒါတွေကိုလည်း ထိထိရောက်ရောက်လုပ်သွားဖို့လုပ်နေတယ်” ဟု ပြောဆိုသည်။

KIO အနေဖြင့် ယခုလို စစ်ဆေးမှုများကို ရက်အကန့်အသတ်မရှိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်မှုနှင့် တစ်ဖက်တွင် စစ်တပ်၏ ဝင်ငွေ လျှော့ကျသွားအောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သူက ဆက်ဆိုသည်။

လက်ရှိတွင် KIO ဘက်မှ မြို့တွင်းနှင့် ကျေးလက်ဒေသ အသီးသီးရှိ စားသောက်ဆိုင်များ တွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် တားမြစ်တားထားသည့် ဘီယာများကို တွေ့ရှိရာတွင် ရိုက်ခွဲဖျက်ဆီးမှုများပြုလုပ်နေပြီး တင်သွင်းရောင်းချသည့် ဆိုင်ရှင်များကိုလည်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ထိုနည်းတူ တနိုင်းသွားလမ်း လီဒိုလမ်းမကြီးပေါ် တစ်လျှောက်တွင်ရှိသော ကျေးရွာများနှင့် မှော်ဒေသအသီးသီးတွင် ရောင်းဝယ်ဖောက်ကားမှု မရှိစေရန် လီဒိုလမ်းမပေါ်တစ်လျှာက် သွားလာမောင်းနင်းနေသည့် မော်တော်ယာဉ်များကို KIA အဖွဲ့က လိုက်လံစစ်ဆေးမှုများ ပုံမှန်ပြုလုပ်နေသည်ဟု KIA တပ်ရင်း ၁၄ မှ တာဝန်ရှိသူတစ်ဦးက KNG ကို ယခုလိုပြောဆိုထားသည်။

“ဟူးဟောင့်နယ်မြေဘက်လည်း စစ်တပ်နဲ့သက်ဆိုင်တဲ့ စီဘီယာတွေ ရောင်းဝယ်ဖောက်ကားမှုမလုပ်ဖို့ သတိပေးတာတွေ လုပ်ထားပြီ။ ဒီဘက်မှာက သတိပေးလိုက်ရင် ဆက်မလုပ်ကြတော့ဘူး။ ဒါပေမယ့် တင်သွင်းလာနိုင်တဲ့အတွက် ကားလမ်းကြီးတစ်လျှောက်မှာ မော်တော်ယဉ်တွေကို စစ်ဆေးတာတွေလုပ်နေတယ်။ နောက် ကျေးရွာတွေမှာလည်း တားမြစ်တဲ့အကြောင်းကို ဆိုင်းဘုတ်ကပ်ပြီး သတိပေးတာတွေလည်းလုပ်နေတယ်” ဟု ပြောဆိုသည်။

ထို့အပြင် ကချင်ပြည်နယ်အတွင်းသို့ အဆိုပါတားမြစ်ကုန်ပစ္စည်းများ တင်သွင်းမှုလုံးဝ မရှိစေရန် KIA တပ်ဖွဲ့နှင့် PDF များက ကချင် စစ်ကိုင်းတိုင်းနယ်စပ်ရှိ ကုန်းလမ်း ရေကြောင်း သွားလာနေသည့် မော်တော်ယာဉ်များကို စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရပါသည်။

Show More

Related Articles

Back to top button