သတင်း

မူဆယ်မြို့ ပြည်သူ့စစ် ၁ ဦး ပစ်သတ်ခံရ

ရှမ်းပြည်နယ်၊ မူဆယ်မြို့ နာရီစင်အနီး အမှတ် ၁ စျေးကြီးနှင့် ညစျေးတန်းလမ်းတွင် ကားအတွင်းထိုင်နေသည့် ပြည်သူ့စစ် ၁ ဦးအား အမည်မသိ လက်နက်ကိုင်များမှ လာရောက်ပစ်ခတ်သည့်အတွက် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
“သေသွားတဲ့သူက မန်ဂျေ ပြည်သူ့စစ် ဟုတ်တယ် သူ့သူဌေးက လုပ်ကြံ သတ်ခိုင်းတဲ့ ပုံပဲ။ သူ့သူဌေးက ဆိုင်ဘက်သွားလိုက်တုန်း သေသွားတဲ့သူက ကားထဲမှာ ထိုင်နေတာ လာပစ်သွားတာ။ လာပစ်သွားတဲ့ သူတွေက ဘယ်သူတွေလဲ ဆိုတာ ကောင်းကောင်း မသိလိုက်ရဘူး။” လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ ပစ်ခတ်သေဆုံးမူသည် ဇန်နဝါရီလ ၃၁ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူသည် မုံးပေါ်ဘက်မှ အသက် ၂၀ ကျော် အရွယ် ကချင်လူမျိုးဖြစ်ကြောင်း သိရသည်။
ထို့ပြင် သေဆုံးသူသည် ညာဘက် နားထင်၌ သေနတ်ကျည်‌ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ ၈ ချက်ရရှိကာ သေဆုံးခဲ့ပြီး ရုပ်အလောင်းကို ပရဟိတ အသင်းမှ မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံကြီး ရင်ခွဲဆောင်သို့ ကူညီ ပို့ဆောင် ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၂၉ရက် ပြည်သူ့စစ်ခေါင်းဆောင်များအား စစ်ကောင်စီ ဗျူဟာမှူး ၁ ဦးမှ အစည်းဝေးခေါ် သတိပေးခဲ့သည့်‌နေ့ ပန်းဆေးနှင့် တားမိုးညဲ ပြည်သူ့စစ်အချင်းချင်း စကားများရန်ဖြစ်ရာခဲ့ကြပြီး အပြန်အလှန် ၂ နာရီခန့်ကြာ ပစ်ခတ်မှုဖြစ်ပွားပြီး ၄ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပြီးဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ၁၈ ဖွဲ့ရှိပြီး အဖွဲ့အချင်းချင်း အဆင်မပြေမူများရှိသည့်အတွက် မကြာခနဆိုသလို ပစ်ခတ် သတ်ဖြတ်မှုများ မူဆယ်မြို့ပေါ် တွင် ဖြစ်လျှက်ရှိသည်။
Bum Shep
Show More

Related Articles

Back to top button