တိုက်ပွဲသတင်း

ဆွမ်ပီယန်စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာရှိ အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယနေ့ နံနက်ပိုင်းတွင် သွားရောက်တိုက်ခိုက် သိမ်းပိုက်ထားပြီဟု သိရသည်။

ဆွမ်ပီယန်ကျေးရွာကုန်းထိပ်တွင်ရှိသော ပြည်သူ့စစ်နှင့် စစ်ကောင်စီ တပ်ပေါင်းစုနေထိုင်သောစခန်းကို ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် KIA တပ်မဟာ ၁ လက်အောက် တပ်ရင်း ၇ က သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆွမ်ပီယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုခဲ့သည်။

“၁၀ နာရီလောက်မှာ စဖြစ်တာ။ KIA က စခန်းဝင်သိမ်းတဲ့တိုက်ပွဲဖြစ်တယ်။ ပထမက လက်နက်ကြီးသံတွေ အရင်ကြားရတယ်။ နောက်တော့ လက်နက်ငယ်တွေပြန်ကြားတယ်။ KIA က စခန်းကို ဝင်သိမ်းထားပြီ။ ဘယ်လိုဖြစ်လာမယ်ကို မသိရသေးဘူး။ ထိခိုက်မှုတွေလည်း မသိရသေးဘူး”ဟု ပြောဆိုသည်။

လက်ရှိတွင် KIA က သိမ်းပိုက်ထားသည့် စစ်ကောင်စီ၏ တပ်စခန်းကို မီးရှို့ဖျက်ဆီးနေသည်ကို တွေ့မြင်ရပြီဟု ဒေသခံများထံမှ သိရသည်။

အဆိုပါတပ်စခန်းသည် ယခင်ကတည်းကတည်ရှိသော စခန်းဖြစ်ကာ စစ်ကောင်စီနှင့် ပြည်သူ့စစ်အင်အား ၄၀ ဝန်းကျင်ခန့် ပုံမှန်ရှိသည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆွမ်ပီယန်ဒေသခံ ပြည်သူများအားလုံးက ကျေးရွာအပြင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆက်လက် သိရသည်။

Show More

Related Articles

Back to top button