သတင်း

ကသာမြို့တွင် စစ်ရေးအရှိန် မြင့်လာပြီး မြို့တွင်း‌ဖောက်ခွဲမှုများ ဆက်တိုက်ဖြစ်လာ

စစ်ကိုင်းတိုင်း ကသာမြို့တွင် ယခုလအတွင်း စစ်ရေးအရှိန် ပိုမိုမြင့်လာသည့်အပြင် မြို့တွင်းပေါက်ကွဲမှုလည်း ဆက်တိုက်ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီမနက် ၆ ခွဲလောက်မှာ စည်ပင်ရုံးနားထပ်ပေါက်တယ်။ ဒီရက်ပိုင်း ၃ရက်ဆက်တိုက်ရှိပြီ။ ခုချိန်ထိတော့ လူထိခိုက်တာမရှိဘူး ရုံးက ကွန်ပျူတာတွေ ထိတယ်လို့တော့ကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမူ ဖြစ်စဉ်များမှာ ဇန်နဝါရီလ ၃၀ ရက်နေ့ စည်ပင်ရုံးအင်ဂျင်နီယာအခန်းတွင်တစ်ကြိမ်၊ ဇန်နဝါရီလ ၃၁ရက်နေ့ ကသာစာတိုက် ကွန်ပျူတာအခန်းတွင် တစ်ကြိမ်နှင့် ဖေဖော်ဝါရီလ ၁ရက်နေ့ စည်ပင်သာယာရုံးရှေ့တစ်ကြိမ် စုစုပေါင်း ၃ကြိမ်ထိ ရှိလာပြီဖြစ်သည်။

ဒေသခံများ၏ ပြောပြချက်အရ စစ်ကောင်စီတပ်သည် ကသာနယ်အတွင်း ဆက်သွယ်ရေးလမ်းကြောများထိန်းချုပ်ရန် မြေအောက်လိုင်းကြိုးများ မြုပ်နှံရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

အလားတူ စစ်ကောင်စီတပ်၏ လက်အောက်ခံ ကသာမြို့ဌာနဆိုင်ရာများဖြစ်သည့် စည်ပင်ရုံး၊ အခွန်ကောက်ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနများသည်လည်း ပြည်သူများအား နည်းလမ်းအမျိုးမျိုးဖြင့် အခွန်များကောက်ခံခြင်း၊ တင်ဒါခေါ်ယူခြင်းများဆောင်ရွက်နေမူများ ရပ်တန်းမှ ရပ်ရန် ကသာ (PDF) မှ ဇန်နဝါရီလ ၃၁ ရက်နေ့က သတိပေးထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ထားသည်။

” ဖောက်ခွဲမူအခြေနေကို ကြည့်ရင် စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ ရုံးတွေမှာဖြစ်နေတာတွေ့တယ် ပြီးတော့ ခုရက်ပိုင်းဆိုရင် အရင်ထက်ကို မြို့တွင်း၊မြို့ပြင် ပိုကြပ်လာတယ် ကျနော်တို့ပြည်သူတွေလည်း ဘယ်မသွားရဲ မလာရဲကြတော့ဘူး ” ဟု ဒေသခံတစ်ဦးကပြောသည်။

ကသာမြို့အတွင်း အဝင်အထွက်  ယခင်ထက် စစ်ဆေးမှုများ ပိုမိုပြုလုပ်လျှက်ရှိလာသည့်အပြင် PDF၊ NUG၊ CRPH နှင့် ဆက်စပ်သည်ဟု သံသယရှိသူများအား ဖမ်းဆီးခြင်း၊ နေအိမ်များကို ပြည်သူပိုင်အဖြစ် သိမ်းယူခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

ထို့အတူ တစ်ဖက်တွင်လည်း မြို့တွင်းဖောက်ခွဲခံရမူ များလာသည်နှင့်အမျှ ကသာ PDF မှလည်း ဌာနဆိုင်ရာများအား  သတိပေးစာနှင့်အတူ ဒေသခံပြည်သူများအားအနေဖြင့်လည်း စစ်လေယဉ် အန္တရယ်မှရှောင်နိုင်ရန် ဗုံးခိုကျင်းများ တူးထားကြရန်နှင့် ရိက္ခာများ၊ ဆေးဝါးများ စုဆောင်းထားကြရန်တိုက်တွန်းထားသည်။

“ခုဒီလထဲမှာကိုမှ ကုန်းကြောင်းရော၊ ရေကြောင်းကော စစ်အင်အားပိုဖြည့်လာတယ်။ မြို့ထဲမှာဆိုလည်း ညညဆို အပြင်တောင်မထွက်ရဲဘူး သူတို့က ကင်းပတ်နေတာ ဒီအတိုင်းဆို မြို့တွင်းမှာ တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေနေတောင်ရှိလာနိုင်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်အနေဖြင့် ကသာနယ်အတွင်းတွင်စစ်အင်အားတိုးချဲ့လာသည်နှင့်အမျှ ကျေးရွာများကို လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခြင်းများလည်း လုပ်ဆောင်လာနေသည့်အတွက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူဦးရေ ရာနှင့်ချီရှိ‌နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းသည် စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု ၊ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုနှင့် တိုက်ပွဲဖြစ်ပွားမှု ပိုမိုဖြစ်ပွား‌နေသည့် တိုင်းဒေသကြီး တစ်ခုလည်း ဖြစ်သည်။

Show More

Related Articles

Back to top button