သတင်း

နမ့်ဖတ်ကာနဲ့ ခိုမုန်းကြား စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း အဝေးပြေး လမ်းမပေါ်ရှိ နမ့်ဖတ်ကာနဲ့ ခိုမုန်းရွာကြားမှာ မနေ့က စစ်ကောင်စီနဲ့ MNDAA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ခိုမုန်းနဲ့ နမ့်ဖတ်ကာကြား ည ၁၁ နာရီ စစ် ဖြစ်နေပါတယ်။” လို့ ဒေသ ခံ ၁ ဦးက ကပြာပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့ည ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်ခန့်ကစပြီးတော့ နမ့်ဖတ်ကာဘက်ကနေ မုံးကိုး ဖောင်းဆိုင်ဒေသဘက်ကို တက်လာတဲ့ စစ်ကောင်စီ ကား အစီး ၃၀ ခန့်ကို ခိုမုန်းကျေးရွာအနီးမှာ ကိုးကန့် MNDAA တပ်က တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ၁ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့က ခိုမုန်းမှာ တိုက်ပွဲ ဖြစ်တာ ကိုးကန့်နဲ့။ စစ်ကောင်စီကား အစီး ၃၀ ခန့်က မုံးကိုး ဖောင်ဆိုင်ဘက် သွားမယ့်ကားတွေ လို့ သိရတယ်။” လို့ ရှေ့တန်း သတင်းရင်းမြစ်အရ သိရပါတယ်။

ထိခိုက်မှု အခြေအနေတွေတော့ မသိရသေးကြောင်း နောက်ထပ် ဒေသခံ ၁ ဦး က ပြောပါတယ်။

“ဒီမနက် အခြေအနေတော့ ဘာမှ မကြားဘူး။ မနေ့ညတော့ ည ၁၂ နာရီ ဝန်းကျင်အထိ သေနတ်သံတွေ ကြား‌ရတယ်။ တခြားတော့ ဘာမှ မသိရသေးဘူး။” လို့ သူက ဆိုပါတယ်။

လက်ရှိ အဲဒီ ဒေသမှာ စစ်ကောင်စီတပ်၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်များ၊ KIA ၊ TNLA၊ MNDAA တို့ ပုံမှန်သွားလာနေပါတယ်။

မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ မူဆယ် – မန္တလေး ပြည်ထောင်စုလမ်းမကြီး တလျှောက်မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တို့ ထိတွေ့ တိုက်ပွဲ ပုံမှန်ဖြစ်နေတာ ဖြစ်ပါတယ်။

Bum Shep

Show More

Related Articles

Back to top button