တိုက်ပွဲသတင်း

ပူတာအိုတွင် တိုက်ပွဲ ပြင်းထန်လာနိုင်သောကြောင့် မြစ်ကြီးနား-ပူတာအို လမ်းပိတ်ထားမည်ဟုဆို

မြစ်ကြီးနား-ပူတာအို လမ်းမကြီးတွင် တိုက်ပွဲပြင်းထန်လာနိုင်သောကြောင့် ယနေ့မှစတင်ကာ လကုန်သည်အထိ မည်သည့်ယာဉ်များ သွားလာခွင့်မရှိအောင် လမ်းပိတ်ထားမည်ဖြစ်ကြောင်း KIA နှင့် နီးစပ်သူများထံမှ သိရသည်။

ပူတာအိုဒေသတွင် ယခုပတ်အတွင်း စစ်ကောင်စီဘက်မှ စစ်အင်အားတိုးချဲ့လာသဖြင့် တိုက်ပွဲပြင်းထန် လာနိုင်သောကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့မှ ယာယီ လမ်းပိတ်ထားရကြောင်း ပူတာအိုဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

“လမ်းကတော့ ဒီနေ့ စပိတ်တယ်လို့ သိရတယ်။ ပူတာအိုဘက်မှာ တိုက်ပွဲပိုပြင်းထန်လာနိုင်လို့ KIA နဲ့ PDF က ခဏပိတ်ထားမယ် လို့ပြောတာဘဲ။ ပြီးရင် အခုက စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားတာတွေ။ နောက် စစ်အင်အားဖြည့်တင်းလာတာတွေကို လုပ်လာလို့ လကုန်ပိုင်းအထိ ပိတ်ထားမယ်လို့ကြားတယ်” ဟု ပြောဆိုသည်။

ယနေ့ နံနက်ပိုင်း ၆ နာရီဝန်းကျင်တွင်လည်း ပူတာအိုမြို့နယ် တန်ဂျာကျေးရွာနှင့် လုန်ရှာယန်ကျေးရွာ ၂ခုကြားတွင် ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် KIA ၊ PDF တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

“တိုက်ပွဲဖြစ်တာက ဒီမနက် မိုးစလင်းတဲ့ခါစဘဲ ရှိသေးတယ်။ အင်ယိုဇွပ်ခ နားမှာဖြစ်ကြတယ်။ တိုက်ပွဲဖြစ်တဲ့အချိန်က သိပ်မကြာဘူး။ မိနစ် ၂၀ လောက်ဘဲကြာတယ်။ ပြန်ငြိမ်သွားကြတယ်။ စစ်သားတွေရဲ့ စစ်လမ်းကြောင်းက ရှိန်ဂတ်ဘွမ့် ဘက်ကိုတက်လာတာ ဟုတ်တယ်။ အဲ့ကြောင့် တိုက်ပွဲက ပြန်ဖြစ်လာလိမ့်မယ်” ဟု တန်ဂျာဒေသခံ တစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

ယနေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်ဖွဲ့မှာ ယမန်နေ့က ပူတာအိုမြို့မှ စစ်အင်အား ၁၅၀ ဝန်းကျင်ခန့်ဖြင့် အင်စီယန် ရှိန်ဂတ်ဘွမ့်ဘက်သို့ စစ်ကူအဖြစ်တက်လာသည့်အဖွဲ့ဖြစ်ပြီး ယမန်နေ့ည တန်ဂျာကျေးရွာအနီး အင်ယိုဇွပ်ခအနီးတွင် တစ်ညတောခိုခဲ့ရာမှ ယနေ့နက် ပြန်လည်ချီတက်လာခဲ့ရာ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်တပ်သုံးလေယာဉ်ဖြင့် အင်အား ၁၀၀ ကျော်ခန့်ကို ပူတာအိုလေယာဉ်ကွင်းသို့ ပို့ချထားခဲ့ပြီး လေယာဉ်ကွင်းမှတဆင့် စစ်ကား ၅ စီးဖြင့် ပူတာအိုမြို့သို့ သယ်ယူခဲ့ကြောင်း ပြည်သူများထံမှ သိရသည်။

ပူတာအိုမြို့နယ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button