သတင်း

ပူတာအို အင်စီယန်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွား၊ စစ်ရှောင်များ မိုးကာ အရေးတကြီးလိုအပ်နေ

ပူတာအိုမြို့နယ် အင်စီယန်ကျေးရွာအနီး ရှိန်ဂတ်ဘွမ့်တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ စ၍ KIA တပ်မဟာ ၁ လက်အောက် တပ်ရင်း ၇ အဖွဲ့ နှင့် PDF  ပူပေါင်းတပ်တို့က ရှိန်ဂတ်ဘွမ်တောင်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းတပ်စခန်းကို သွားရောက် တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲခြင်းဖြစ်ပြီး ယနေ့အထိ တိုက်ပွဲဖြစ်ပွာနေဆဲဖြစ်သည်ဟု အင်စီယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

“တိုက်ပွဲစဖြစ်တာက ဖေဖော်ဝါရီ ၁ရက်နေ့က စဖြစ်တယ်။ ဒီမနက် ၆နာရီလောက်ကကနေ ၁၀နာရီလောက်အထိ တစ်ကြိမ်ဖြစ်ကြ တယ်။ ညနေပိုင်းက ၁နာရီကနေ ပြန်ပြီး ဆက်တိုက် တိုက်ပွဲတွေပြန်ဖြစ်နေတယ်။ ပြီးရင် လက်နက်ကြီးသံတွေက ပိုနီးလာသလို ကြားရတယ်။ ၂ဖက်တပ်စလုံး ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း အပြန်အလှန်လက်နက်ကြီးတွေနဲ့ပစ်ခတ်နေကြတယ်။ သူတို့ရဲ့ထိခိုက်မှုတွေက ကျနော်တို့လည်းမသိရဘူး။ ရွာမှာက လက်နက်ကြီးတွေကျမှာစိုးလို့ ရွာသားတွေအားလုံးတောမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟုပြောဆိုသည်။

ပူတာအို စစ်ရှောင်များ

KIA နှင့် PDF အဖွဲ့က စစ်ကောင်စီတပ်စခန်းကို ဝန်းရံပိတ်ဆို့ထားကာ သွားရောက်ပစ်ခတ်နေသောကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် အခြေအနေတွင်ရှိနေပြီး လက်ရှိအချိန်အထိ ၂ဖက်တပ် ထိခိုက်မှုအခြေအနေကို သေးစိတ် မသိရသေးကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် အင်စီယန်ကျေးရွာနှင့် ၁မိုင်ခန့်သာရှိသည့်နေရာတွင်ဖြစ်သောကြောင့် ဒေသခံ အိမ်ခြေ ၄၀ ကျော်နှင့် လူဦးရေ ၂၆၀ ဝန်းကျင်ခန့်မှာ ကျေးရွာနှင့်နီးသည့် တောတွင်းနေရာများတွင် ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် စားနပ်ရိက္ခာနှင့်အသုံးအဆောင်ပစ္စည်းများ ကူညီထောက်ပံ့ပေးရန်လိုအပ်နေသည်ဟု အင်စီယန်ဒေသခံက ထပ်မံပြောဆိုထားသည်။

“ကျနော်တို့အခုတောထဲမှာနေတာ ၂ပတ်လောက်ရှိလာပြီ။ အချိန်ကြာတော့ စားဖို့သောက်ဖို့ခက်ခဲလာတယ်။ ဒီဘက်မှာက အခုဆိုရင် အဆက်အသွယ်ဖုန်းလိုင်းတွေကလည်း ပိုခက်လာတယ်။ ဘယ်အဖွဲ့အစည်းကို အကူညီတောင်းရမှန်းလည်းမသိ။ ရွာထဲကိုပြန်ဖို့ဆိုလည်း ညဆို ဗမာစစ်သားတွေက ရွာထဲမှာ KIA ရှိတယ်ထင်လို့ လက်နက်ကြီးတွေပစ်တယ်။ အဲ့ကြောင့် ပြန်လို့လဲမရ။ အဓိကလိုအပ်နေတာက အစားအသောက်တွေနဲ့ ဆေးဝါးများလိုအပ်နေတယ်” ဟု ပြောဆိုသည်။

ထိုနည်းတူ လက်ရှိ ပူတာအိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည့် အင်စီယန်အပါအဝင် ဆွမ်ပီယန်၊ လုန်ရှာယန်နှင့် ဖတ်မာကျေးရွာ တို့တွင် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သောကြောင့် အဆိုပါ ကျေးရွာ ၄ခု၏ ကျေးရွာဒေသခံ ပြည်သူထောင်ချီ တောတွင်းထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၂ပတ်ခန့်ကြာမြင့်လာပြီဖြစ်သည့်အတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း စစ်ရှောင်ပြည်သူများပြောဆိုချက်မှ သိရသည်။

ပူတာအိုမြို့နယ် အင်စီယန်

အဆိုပါ စစ်ရှောင်ပြည်သူများမှာ လက်ရှိတွင် ကျေးရွာအတွင်းသို့ပြန်လည်နေထိုင်လိုသော်လည်း ၂ဖက်တပ် စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် တောတွင်းပင် အချိန်ကြာမြင့်စွာ ဆက်လက်တိမ်းရှောင်နေရမည်ဖြစ်ပြီး လုံခြုံသည့် တဲတန်းများဆောက်လုပ်ရန် မိုးကာနှင့် ပလတ်စတစ်များ ကူညီထောက်ပံ့ပေးကြရန် ဆက်လက်တောင်းဆိုထားသည်။

ထို့နောက် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် အင်စီယန်၊ ဆွမ်ပီယန်၊ လုန်ရှာယန်နှင့် ဖတ်မာကျေးရွာတို့တွင် ယခုဖြစ်ပွားနေသည့် တိုက်ပွဲထက် ပိုမိုပြင်းထန်စွာဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်နေကြသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်တပ်သုံးလေယာဉ် ၂စီးဖြင့် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ကို ပူတာအိုလေယာဉ်ကွင်းသို့ ပို့ချထားခဲ့ပြီး လေယာဉ်ကွင်းမှတဆင့် စစ်ကား ၅စီးဖြင့် ပူတာအိုမြို့အတွင်းသို့ သယ်ယူခဲ့ကြောင်းလည်း ပြည်သူများပြောဆိုချက်မှသိရသည်။

Show More

Related Articles

Back to top button