သတင်းအင်တာဗျူး

ပူတာအို တိုက်ပွဲကြား စစ်ရှောင်များ၏အခြေအနေ မေးမြန်းချက်

ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ၊ PDF တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဒေသခံ ၅၀၀၀ ကျော်မှာ တော်ထဲ ထွက်ပြေးနေရပြီး အနည်းစုသာ မြို့ပေါ်သို့ ထွက်ပြေးနေရဆဲဖြစ်သည်။

ပူတာအိုဒေသအခြေအနေနှင့်ပတ်သက်ပြီး လက်ရှိတောထဲ ထွက်ပြေးနေရသော စစ်ရှောင်ပြည်သူတစ်ဦးကို KNG သတင်းဌာနမှ မေးမြန်းထားပါသည်။

မေး – ပူတာအို လုံရှာယန်အုပ်စု ၊ အင်စီယန်၊ ဖတ်မာ တကြော တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေမှာ ရွာသားတွေ ဘယ်လိုဖြစ်ပျက်နေတယ်။ ဘယ်လို ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့ နောက်ဆုံးအခြေအနေကို သိချင်ပါတယ်။

ဖြေ – အခု စစ်တပ်ဘက်က စစ်ကြောင်း အရမ်းထိုးနေသလို ဒီဘက် KIA နဲ့ PDF ဘက်လည်း ပြန်တိုက်ခိုက်၊ စစ်တပ်ဘက်က လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ လာပစ်တော့ ရွာသားတွေရှိတဲ့နေရာဘက်အထိ ကျလာလို့ ရွာသားအားလုံးနီးပါး ပူတာအိုမြို့ဘက် ပြေးတဲ့သူကပြေး၊ မြစ်ကြီးနားကို ပြေးတဲ့သူကပြေး၊ အများပိုင်း တောထဲမှာပဲ ကြောက်ရွံ့ပြီး ရှိနေကြသေးတယ်။ ရွာထဲမှာက အိမ်စောင့်တဲ့သူ၊ အခြေအနေစောင့်ကြည့်ပြီး နေနေတဲ့သူ တစ်ယောက် နှစ်ယောက်လောက်ပဲ ရှိတော့တယ်။ အိမ်ပြန်ကြည့်လိုက် တောထဲပြန်လာတိမ်းရှောင်လိုက် ဒီလိုလုပ်နေတယ်။

မေး – အခုတောထဲမှာ ဘယ်လို နေနေကြလဲနော် ၊ တောထဲ နေနေတာက ဘယ်နှရက်လောက် ရှိလာပြီလဲ။

ဖြေ – တောထဲမှာက ပြေးရခက်တဲ့သူတွေ အသက်ကြီးတဲ့သူတွေ ကလေးတွေကိုပဲ အဓိက ထားထားတယ် မိုးကာတဲနဲ့။ ကျန်တဲ့သူတွေက အခြေအနေစောင့်ကြည့်ပြီး သွားလိုက်လာလိုက် လုပ်နေတယ်။ စားစရာတွေ ပြန်လာယူလိုက် ပြန်သွားလိုက်ပေါ့။ အခုတောထဲမှာက မိုးရွာရင် အရမ်းခက်ခဲနေတာဟုတ်တယ်။ မြစ်ကြီးနား၊ ပူတာအို မြို့ဘက် ပြေးတဲ့သူကပြေး ဆိုတော့ သုံးဘီး၊ ကား၊ ဆိုင်ကယ်တွေ ရှိသေးတယ်။ အခုက မရှိတော့ဘူးဆိုတော့ တစ်တွဲတစ်လောက်နဲ့ ခက်ခက်ခဲခဲ တိမ်းရှောင်နေရတာ။ တောထဲတိမ်းရှောင်ဖို့လည်း ကြောက်နေရတယ်။

မေး – အခု တောထဲ ရှိနေတဲ့သူတွေအတွက်ကော ဘယ်လိုအခက်အခဲတွေ ကြုံနေရလဲ၊ ဆရာတို့အနေနဲ့ကော ဘယ်လိုဖြစ်စေချင်တယ်။ ဘယ်လိုပြင်ဆင်ထားတယ်ဆိုတဲ့အပိုင်းလည်း ပြောပြပေးပါ။

ဖြေ – ဘယ်သူမဆို ကိုယ့်စိတ်ထဲမှာက တောထဲဆိုလည်း မလုံခြုံ ၊ မြို့ထဲဆိုလည်း ရောဂါနဲ့ ဘာနဲ့ ပူတာအိုဆိုလည်း ပူတာအိုဘက်လည်း စစ်ပိုထိုးလာတဲ့အခြေအနေရှိတယ် ပြန်ပြောနေကြတော့ ဘယ်မှာမှ လုံခြုံမှုမရှိသလို အရမ်းစိတ်ခံစားချက်ရှိနေတာဟုတ်တယ်။ ဘယ်သူမဆို ကိုယ့်အသိ ကိုယ့်အသင်းတော်ကပဲ တတ်နိုင်သလောက် ကူညီပေးဖို့ ဖုန်းကနေ လှမ်းတောင်ဆိုနေကြတာ။ ဘယ်လို ဖြစ်ချင်တယ် ဆိုတာလည်းမရှိ ဘယ်လို ပြင်ဆင်ထားတယ် ဆိုတာလည်းမရှိ။ မြို့ဘက်က သုံးဘီး ၊ ကားတွေ ကို အကူအညီတောင်းပြီး အသက်ကြီး လမ်းမလျှောက်နိုင်တဲ့သူတွေကိုတော့လာခေါ်ပေးပါ တောင်းဆိုတော့လည်း ဓာတ်ဆီဖိုး ဈေးတက်လို့ ဆီပြတ်နေလို့ နောက်နေ့မှ ဆိုတော့ ဒီကလူစုပြီး စောင့်နေလည်း ပြန်မဖြစ်တော့ အခုက အားလုံးက စိတ်တွေဝေပြီး လမ်းပျောက်နေသလို ခံစားနေကြတာဟုတ်တယ်။

မေး – အခုစစ်ရေး အခြေအနေ ဘယ်လို ရှိနေတယ်လို့ သုံးသပ်မိပါလဲ။ ကိုယ်တိုင်စစ်ရှောင်ကြုံတွေ့နေရတဲ့သူဆိုတော့ ဒီထက်ပို ဆိုးရွားလာနိုင်မဲ့အနေအထားလား။ ဘယ်လိုဖြစ်လာနိုင်ပါလဲ။ ဘယ်လိုစိုးရိမ်နေရလဲ။

ဖြေ- အခု စစ်ရေးက ပိုမိုဆိုးရွားလာမဲ့ အနေအထားရှိတယ်။ ဘာကြောင့်ဆိုရင် အခုစစ်တပ်က ကျနော်တို့တိမ်းရှောင်နေတဲ့ တောထဲ ရောက်နေပြီ။ ကျနော်တို့ တိမ်းရှောင်နေတဲ့နေရာထဲထိ ဝင်ပြီး ကျနော်တို့ကို ကြိုက်သလို လုပ်သွားမှာလည်းစိုးရိမ်။ ဖတ်မာဘက်မှာလည်း စစ်တပ်ဘက်အမြောက်တွေ လက်နက်ကြီးတွေနဲ့ ထောင်ထားချိန်ထားပြီလို့ကပြော၊ ဒါကြောင့် အိမ်တွေကိုလည်းဒီတိုင်း တံခါးပဲပိတ်ပြီး ပစ်ထားတယ်။ အိမ်မွေးတိရစ္ဆာန်တွေလည်း ဒီတိုင်းပဲ ပစ်ထားပြီ။ နှစ်ဖက်စစ်တပ်က ရောယှက်နေတာဆိုတော့ ပြည်သူတွေက ကြားထဲမှာဆိုတော့ အရမ်းစိုးရိမ်နေတာဟုတယ်။ ဒီထက်ပိုမိုဆိုးပြီး ကြာရှည်မဲ့ အနေအထားဖြစ်နေတယ်။

မေး – အခုလို ဆရာတို့ ဒုက္ခရောက် နေတဲ့အပေါ် ကူညီထောက်ပံ့ရေးနဲ့ပတ်သက်ပြီး ဘာတွေအရေးပေါ် လိုအပ်နေကြောင်း ပြောပြပေးပါ။

ဖြေ – တောထဲ တိမ်းရှောင်နေရတဲ့ သူတွေအာလုံးအဖို့က မိုးကာအဓိက၊ ပေါ့ပေါ့ပါးပါး ဖြစ်မဲ့ အစားအသောက်တွေ။ ဆန်တွေဘာတွေ တော့ ဒေသထွက် အိမ်နဲ့လည်း နီးတော့ သွားယူစားလို့ ရသေးတယ် အခုလောလောဆယ်တော့။ စပါးတော့ရှိပေမဲ့ ဓာတ်ဆီပျက်နေပြီဆိုတော့ ဆန်စက်ကြိတ်ယူဖို့တော့ ခက်ခဲနေတယ်။ အဓိက ဆေးဝါးတွေ အရေးကြီးနေတယ်။ မိုးကာ၊ ပလတ်စတစ် အစားအသောက်တွေ တော့ အဓိက လိုအပ်နေတယ်။

မေး – တောထဲမှာ အခုလက်ရှိ လူဦးရေဘယ်လောက်လဲ၊ တောထဲမှာမဟုတ်ပဲ မြို့ဘက် ထွက်ပြေးသွားသူတွေ ဘယ်နှယောက်လောက်ရှိနိုင်လဲ ပြောပြပေးနိုင်မလား။

ဖြေ- ဒီနေ့ထိ တောထဲမှာက စစ်တပ်က ထွက်မပြေးဖို့ ပြောထားတာတွေလည်းရှိတော့ လီဆူညီအစ်ကို တိုင်းရင်းသားအားလုံးနီးပါးက ပူတာအိုဘက် သွားလိုက်ပြီ။ တောထဲမှာက ၁၀၀ လောက်ပဲ ရှိတော့မယ်။ အသက်ကြီးတဲ့သူတွေပါတယ်။ အမျိုးသမီးတွေ ၊ ကလေးတွေ ၊ ပူတာအိုသွားလဲမဖြစ်၊ မြစ်ကြီးနားဆင်းလည်း မဖြစ် တဲ့ သူတွေကျန်နေသေးတယ်။

မေး – အခုအခြေအနေက KIA ဘက်က မြစ်ကြီးနား- ပူတာအို လမ်းပိတ်ထားတာတွေရောရှိတယ် ကြားတော့ ဒီအရာနဲ့ပတ်သက်ပြီး ဆရာတို့ သွားလာ တိမ်းရှောင်ဖို့ ဘယ်လို ဖြစ်နေသလဲ။

ဖြေ – လူနည်းလို့လားတော့မသိဘူး။ KIA ဘက်ကတော့ ပိတ်တော့ပိတ်ထားတာပဲ ဒါပေမဲ့ သုံးဘီး ၊ ဆိုင်ကယ်တွေကတော့ ဆက်တိုက် သွားလာနေတာဟုတယ်။ အဲ့ထဲမှာ စစ်တပ်ဘက်က အရပ်ဝတ်နဲ့ ကြားညပ် ကပ်ပါတက်လာတဲ့အခြေအနေရှိနေတယ်။ KIA ဘက်က အသေးစိတ်လည်း ပြန်မစစ်ဘူးဆိုတော့ အားလုံး ဖြတ်ဖြတ်နဲ့ သွားနေကြတာဟုတ်တယ်။ တချို့က အဲ့လိုနဲ့ အထဲရောက်နေတယ်လည်း ကြားတော့ ခေတ္တပိတ်ပြီဆိုပြီး ပြန်ထုတ်ပြန်၊ သွားလာသူတွေပြန်စုနေကြတော့ ပြန်ဖြတ်ခိုင်း အဲ့လိုဖြစ်ရှိနေတယ်။ အခုချိန်တော့ ပူတာအိုဘက်သွားတဲ့သူတွေကိုတော့ ဖြတ်ခိုင်းတယ်ပြောတယ်။ မြစ်ကြီးနားက နေ ဆွမ်ပရာဘွမ်တက်လာတဲ့သူတွေကိုတော့ စစ်တပ်ဘက်က တားမြစ်တယ် ပြောတယ်။

မေး – အခု ပူတာအိုမြို့နယ်မှာ တိုက်ပွဲကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ ကျေးရွာတွေက ဘယ်ကျေးရွာတွေလဲဆိုတာလည်း ပြောပြပေးပါ။

ဖြေ – ပူတာအိုကနေဆင်းလာရင် ဖတ်မာက တစ်ရွာလုံးပူတာအိုဘက် ပြေးပြီ။ လုံရှာယန်အုပ်စု အဲ့တာက ရွာကြီး အိမ်ခြေ ၈၀၀ ကျော်လောက်ရှိတာဟုတ်တယ်။ မဇွပ်ယန်၊ တန်ဂျာယန်၊ ဝဒတ်၊ မဆွမ်းဇွပ်၊ ဆွမ်ပီယန်၊ မဒီယန်၊ အင်ဆိုင်းယန်၊ ဒင်ဒူယန် ဒီကားလမ်းမကြီးတစ်လျှောက်ရှိ ရွာတွေအားလုံးက ထွက်ပြေးနေရတာဟုတ်တယ်။ တိမ်းရှောင်နေတဲ့ ပြည်သူအားလုံးထဲမှာ တောထဲရှိနေတာက ၅ ထောင်လောက်ရှိတယ်။ ဆွမ်ပီယန်၊ မဒီယန် တွေကတော့ ရွာထဲမှာကို နေလို့မရတော့ဘူး။ တောထဲပဲ သူတို့ကတော့။

မေး – အခုတိုက်ပွဲ ပိုပြီးပြင်းထန်နေတာက ဘယ်နေရာ ဘယ်ကျေးရွာမှာလဲ။

ဖြေ – အခုက နှစ်ဖက်တင်းမာနေတဲ့နေရာက အဓိက လုံရှာယန် နဲ့ဖတ်မာ တစ်ကြောမှာ ဟုတ်တယ်။ တန်ဂျာယန် ဘက်လည်း တိုက်ပွဲပြန်ဖြစ်နေပြီ။ ဆွမ်ပီယန် ရှိန်ဂတ်တောင်ဘက်လည်း KIA က သူ့နေရာဟုတ်တယ်ဆိုပြီး ပုံမှန်တိုက်ခိုက်နေတယ်။ အင်စီယန်၊ ဆွမ်ပီယန် ဒီတစ်ကြောက ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေတယ်။

မေး – တိုက်ပွဲဖြစ်ပွားတာလည်း ၃ ပတ်လောက်အထိ ရှိလာပြီဆိုတော့ ဒီတိုက်ပွဲအတောအတွင်း နှစ်ဖက် ထိခိုက်ကျရှုံးမှု ဘယ်လောက်လောက်ရှိကြောင်း ဆရာတို့ သိထားရလဲ။ နောက်ပြီး တိုက်ပွဲအကြိမ်ရေကော ဘယ်လောက်ထိ ရှိပြီလဲ။

ဖြေ – ဒီနေ့ထိ (ဖေဖော်ဝါရီလ ၂၂) တိုက်ပွဲဖြစ်ပွားတာက ၁၀ ကြိမ်ထက်ကျော်နေပြီ။ အတိအကျတော့မသိဘူး။ ဒီတိုက်ပွဲအတောအတွင်း စစ်တပ်ဘက်ကတော့ ၁၀၀ ဝန်းကျင်လောက် ကျဆုံးပြီလို့ ပြောတယ်။ ဒီဘက် KIA နဲ့ PDF  တော့ ဘယ်လောက် ထိခိုက်ကျဆုံးတယ်မသိဘူး။ ထိခိုက်ဒဏ်ရာရတယ်ဆိုတာတော့ကြားတယ်။ စစ်တပ်ဘက် အင်အားက ဒီနေ့ထိဆို ၂၀၀ ဝန်းကျင်လောက် ဆွမ်ပီယန်နဲ့ ဖတ်မာ မှာရှိနေပြီ။ ဖတ်မာ ဟိုဘက်လည်း ၂၀၀ ကျော်လောက်ရှိတယ်ပြောတယ်။

မေး – နောက်ဆုံးအနေနဲ့ မေးခွန်းမှာမပါသွားတဲ့အရာ ဖြည့်စွက်ပြီး ပြောပြပေးပါ။

ဖြေ – တစ်ခု စိုးရိမ်တာက ကျနော်တို့ ဦးဆောင်နေသူတွေကို စစ်တပ်က ရန်ရှာလာမှာစိုးတယ်။ အကယ်လို့ စစ်တပ်က ဝင်လာရင် ကျနော်တို့လုံခြုံရေးအတွက် စိုးရိမ်တယ်။ ကျနော်တို့ ဦးဆောင်သူတွေ အရင်ထွက်ပြေးမယ်ဆိုလည်း အသင်းသားတွေ၊ ရွာသားတွေ ပိုအထီးကျန် ခံစားလိမ့်မယ်ဆိုပြီးတော့ ရှိနေတာ။ နောက်ပြီး ရွာသားတွေက စပါးကို ဆန်ကြိတ်မယ်ဆိုလည်း ခက်ခဲနေတယ်။ တိုက်ပွဲပိုပြင်းထန်ပြီး ပူတာအိုကနေလည်း တက်မရ၊ မြစ်ကြီးနားကနေလည်း တက်မရ ဖြစ်ရင် အစားအသောက်တွေအတွက် ပိုမိုခက်ခဲလာမလားဆိုပြီး စိုးရိမ်နေပါတယ်။

Show More

Related Articles

Back to top button