သတင်း

လမ်းခရီးကြန့်ကြာမှုများကြောင့် ဆွမ်ပရာဘွမ်တွင် စက်သုံးဆီစျေး မြင့်တက်နေဆဲ

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းသို့ ဖြတ်သန်းသွားလာမည့် ကုန်တင်ကားများသွားလာရာ၌ နှောက်နှေးကြန့်ကြာမှုနှင့် စက်သုံးဆီ သယ်ယူသည့် ကားခများ တိုးမြင့်လာမှုကြောင့် ဆွမ်ပရာဘွမ်တွင် ယနေ့ထိ စက်သုံးဆီဈေး မြင့်တက်နေဆဲဖြစ်သည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။

“ကျနော်တို့ ဒီလထဲမှာပဲ ဈေးထပ်မြင့်သွားပြန်ပြီ။ ဓါတ်ဆီတွေကို ရန်ကုန်ကနေ မြစ်ကြီးနား နောက်ပြီး မြစ်ကြီး နားကနေ ဆွမ်ပရာဘွမ် ပြန်ပို့ နိုင်ငံရေးက မကောင်းတော့ ရန်ကုန်ကနေ မြစ်ကြီးနားကို ဆီကား တစ်ခါဝင်ဖို့ တောင် အရမ်းကြာတယ်။ ကားလမ်းပိတ်တာတွေလည်းရှိတော့ တစ်နေ့ကတော့ ပူတာအိုလမ်း ပြန်ဖွင့်ပေးပြီ ကြားတယ်။ လမ်းဖွင့်လည်း ကားခဈေးကြီးတော့ ဈေးတတ်ဖို့ပဲရှိတယ်။” လို့ ဆွမ်ပရာဘွမ်မြို့မှ ဓါတ်ဆီရောင်းဝယ်သည့် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလအထိ ဆွမ်ပရာဘွမ်မြို့နယ်တွင် ဓါတ်ဆီဈေးနှုန်း တစ်လီတာလျှင် ၁၈၀၀ ကျပ်၊ တစ်ဂါလံ ၁၀၈၀၀ ကျပ် နှင့် ဒီဇယ်ဆီ တစ်လီတာလျှင် ၁၉၅၀ ကျပ်၊ တစ်ဂါလံ ၁၁၇၀၀ ကျပ်ထိ ရှိခဲ့သည်။

သို့သော် ‌ဖေဖော်ဝါရီ လကုန်ခန့်မှစကာ လက်ရှိဆွမ်ပရာဘွမ်မြို့တွင် စက်သုံးဆီဈေး ဓာတ်ဆီတစ်လီတာ လျှင် ၂၂၅၀ ကျပ် ၊ တစ်ဂါလံ ၁၃၅၀၀ ကျပ် နှင့် ဒီဇယ်ဆီ တစ်လီတာ ၂၃၅၀ ကျပ် ၊တစ်ဂါလံ ၁၄၁၀၀ ကျပ်အထိ မြင့်တက်လာကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်သည့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းကို တိုက်ပွဲများပြင်းထန်သည့်အတွက် ဖေဖော်ဝါရီလ ၂၂ရက်နေ့မှ ၂၈ ရက်နေ့အထိ  KIA မှ ပိတ်ထားခဲ့ရာ ယခု မတ်လ ၂ ရက်နေ့မှ စ၍ သတ်မှတ်ထားသည့် အချိန်အတွင်း စက်သုံးဆီနှင့် ကုန်တင်ယာဉ်များကို စတင်ဖြတ်သန်းသွားလာရန် KIA ဘက်က ခွင့်ပြုခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီများ မှာယူရန် ပိုမိုခက်ခဲလာသည့်အပြင် ၂၀၂၂ ခုနှစ် မတ်လပိုင်းမှ စ၍ မြစ်ကြီးနားမြို့မှ ဆွမ်ပရာဘွမ်မြို့သို့ စက်သုံးဆီ သယ်ယူစရိတ်မှာ ယခင်ထက် နှစ်ဆမြင့်တက်လာ‌ကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ဓါတ်ဆီတွေကို မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ်ကို ပို့တဲ့ကားခတွေလည်း အရမ်းဈေးကြီးသွားပြီ။ အရင်ထက် ၂ဆ လောက်တတ်သွားတယ်။ ၁ ပေပါ ရောင်းမှ ၅၀၀၀ လောက် ပဲမြတ်တော့တယ်။ ကားခနဲ့ ဘာနဲ့ဆိုတော့ ပိုဆိုး အရမ်းခက်ခဲတယ်။ အဲတော့ ကျနော်တို့အနေနဲ့ အရင်းအနှီးကများ အမြတ်နဲ့ ပြန်တွတ်မယ်ဆို လူပင်ပန်းစိတ်ပင်ပန်းပဲဖြစ်တယ်။” ဟု ဆွမ်ပရာဘွမ်မြို့မှ ဓါတ်ဆီလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

လက်ရှိ လမ်းခရီး သွားလာမှုခက်ခဲသည့် ကချင်ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းတွင် စက်သုံးဆီ ၊ ကုန်တင်ယာဉ်များကိုသာ သတ်မှတ်ချိန်အတွင်း ဖြတ်သန်းသွားလာခွင့်ပြုသော်လည်း ခရီးသည်များ တင်ဆောင်ခွင့်ကို ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပိတ်ပင်ထားလျှက် ရှိသည်။

Show More

Related Articles

Back to top button