Covid-19 Reporting

လိုင်ဇာမြို့တွင် အသက် ၁၂ နှစ်အရွယ်ကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေး

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ရှိ အသက် ၁၂ အရွယ် ကလေးများကို ယခုမတ်လမှ စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ်အဖြစ် Booster Dose စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း လိုင်ဇာမြို့ KIO ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီ မှ သိရသည်။

၁၂ နှစ်ပြည့်ပြီး သူများအား ကိုဗစ်ရောဂါပိုး ရှိမရှိ Swab စစ်ဆေးပြီးနောက် Negative ဖြစ်သူများနှင့် ကျန်းမာရေးကောင်းမွန်သူများကိုသာ Booster Dose တတိယအလုံး ထိုးပေးတာဖြစ်ကြောင်း KIO ကိုဗစ်ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က KNG ကို ပြောသည်။

“ကျနော်တို့ ပြည်သူတွေကို ပုံမှန် Swab စစ်တယ်။ အခုဆေးထိုးပေးနေတဲ့ ၁၂ နှစ်ပြည့်ပြီးတဲ့သူတွေကိုလည်း Swab စစ်တယ်။ ပိုးမရှိဘူး ကျန်းမာရေးလည်းကောင်းတယ်ဆိုရင် အခု တတိယအကြိမ် Booster Dose ဆေးလုံးကို ထိုးပေးနေတယ်။ သူက ဘယ်လိုခေါ်မလဲ အားဖြည့်ဆေးလိုပေါ့။ အရင် SINOPHARM ကိုဗစ်ကာကွယ်ဆေး ၂ လုံးထိုးပြီးတဲ့သူတွေက အခု ဆေး တတိယကြိမ် ထပ်ထိုးပေးတာဖြစ်တယ်။” ဟု ဆိုသည်။

ထို့အပြင် ကိုဗစ်-၁၉ အားဖြည့်ထိုးဆေး – Booster Dose တတိယအလုံးကို ကျန်းမာရေးဝန်ထမ်းများ ၊ ကိုဗစ် Positive ရှိသူများနှင့် ထိတွေ့နေရသူများ ၊ ရောဂါအခံရှိသူများ နှင့် ထိခိုက်လွယ်သူများကို အဓိကထား ထိုးနှံပေးခြင်း ဖြစ်သည်။

လက်ရှိအသုံးပြုနေသည့် တရုတ်နိုင်ငံထုတ် SINOPHARM ကိုဗစ်ကာကွယ်ဆေးကို ပထမအကြိမ်ထိုးပြီး ၂၁ ရက်ကြာပြီးနောက် ဒုတိယကြိမ် ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပြီး ၄ လကြာပြီးနောက်မှ ယခု တတိယအကြိမ်အဖြစ် Booster Dose ကို ထပ်မံ ထိုးနှံပေးခြင်းဖြစ်သည်။

“ကျနော်တို့ အရင် နှစ်ခေါက် ထိုးပေးတာက SINOPHARM ကိုဗစ်ကာကွယ်ဆေး ဟုတ်တယ်။ ပထမကြိမ် ၁ ခါထိုးတယ်။ ၂၁ ရက်ကြာပြီးနောက် ဒုတိယကြိမ်ပြန်ထိုးတယ်။ အခု ၄ လကြာပြီးနောက်မှာ တော့ အခု Booster Dose ကို တတိယအကြိမ် ထပ်ထိုးပေးတာဖြစ်တယ်။ ဆေးထိုးထားရင်က အိုမီခရွန်ကို မကာကွယ်ပေးနိုင်ရင်တောင် ခံနိုင်ရည်နဲ့ သေဆုံးမှုကိုတော့ ထိန်းပေးနိုင်တယ်။” ဟု KIO ကိုဗစ်ကာကွယ်ရေး ဗဟိုအတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝမ်က ပြောသည်။

Booster Dose တတိယအကြိမ် ထိုးဆေးကို KIO နယ်မြေရှိ အသက် ၁၂ နှစ်အရွယ်ကလေးများကို ထိုးနှံပေးနေသည်မှာ လူဦးရေ စုစုပေါင်း အယောက် ၄ ထောင် နီးပါးရှိနေပြီဟု သိရသည်။

လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေသည့်အပြင် အကြိမ်ပြည့်ထိုးပြီးသူ ဦးရေ ၂ သောင်း ကျော် ဝန်းကျင်ခန့်ရှိပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မှစ၍ ယနေ့အထိ အိုမီခရွန် – Omicron အမျိုးအစား covid-19 ပိုး ကူးစက်ခံရသူများ ကိုဗစ် Quarantine Center များတွင် ကွာရန်တင်း ခံယူနေသူစုစုပေါင်း ၅၀ ဝန်းကျင် ရှိနေပြီး ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button