တိုက်ပွဲ

ကချင်ပြည်နယ်သို့ တက်လာသော စစ်ကောင်စီယာဉ်တန်း တစ်ရက်အတွင်း ၃ ကြိမ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းမှ ကချင်ပြည်နယ်ဘက်သို့ တက်လာသော စစ်ကောင်စီယာဉ်တန်းကို အင်းတော်မြို့နယ်နှင့် မိုးညှင်းမြို့နယ် ၂ နေရာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့မှ ယနေ့ တစ်ရက်တည်း ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက် သေဆုံးမှု များပြားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ ယာဉ်တန်းကို ယနေ့နံနက် ၅နာရီဝန်းကျင်တွင် မော်လူးနှင့် ပင်ဝယ်ကြားတစ်ကြိမ်၊ ၆နာရီဝန်းကျင် နဘားနှင့် ပင့်တင်ကြားတွင် တစ်ကြိမ်နှင့် မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင်ခန့် မော်ဟေးနှင့် မော်ဟန်ကြား တိုးဂိတ်အနီးတွင် တစ်ကြိမ်စသဖြင့် ၃ နေရာတွင် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ ၂၀ ဦးခန့် သေဆုံးကာ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိနိုင်သည်ဟု KIA ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

“ဒီယာဉ်တန်းက မနေ့ည ထီးချိုင့်ကနေ ကချင်ပြည်နယ်ဘက်ကို တက်လာတဲ့ စစ်ယာဉ်တန်းအဖွဲ့ဖြစ်တယ်။ အဲ့ဒါကို KIAနဲ့PDF အဖွဲ့တောက်လျှောက်ဝင်တိုက်နေတာဟုတ်တယ်။ ၃ နေရာမှာ KIAနဲ့ PDF ဝင်တိုက်တဲ့ထဲမှာ နဘားနဲ့ပင့်တင်မှာ ဝင်ပစ်တဲ့အချိန်မှာက ဗမာစစ်သားဘက် တော်တော်အထိနာတယ်လို့ကြားတယ်။ အခုသိရသလောက်ဆို သေဆုံးတာနဲ့ ဆေးရုံကို တင်ပို့လိုက်တာတောင် ၂၀ ယောက်လောက်ရှိတယ်လို့ ပြောလို့ပြောလို့ရတယ်” ဟု ပြောဆိုသည်။

အဆိုပါစစ်ယာဉ်တန်းတွင် စစ်ကား ၂၇ စီး ပါဝင်ပြီး တိုက်ခိုက်ခံမှုကြောင့် တစ်စီးမှာ နဘားနှင့် ပင့်တင်ကြားတွင် တစ်စစီ ပျက်စီးသွားပြီး နောက်ထပ် ၃ စီးမှာလည်း ထိခိုက်ပျက်ဆီးမှုရှိခဲ့သည်ဟု သူက ဆက်ဆိုသည်။

KIA နှင့် PDF တိုက်ခိုက်မှုကြောင့် နဘားနှင့်ပင့်တင်ကြားတွင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရှိသူ ၃၀ ဦး ခန့်ကို အင်းတော်မြို့ဘက်သို့ သယ်ယူသွားပြီး ၁၁ နာရီဝန်းကျင် ကချင်ပြည်နယ်ဘက် ပြန်လည်တက်လာခဲ့ရာမှ မော်ဟေးနှင့် မော်ဟန်ကြားတွင် ထပ်မံတိုက်ခိုက်ခံရခြင်း ဖြစ်ပါသည်။

ယခု တိုက်ခိုက်ခံရသည့် စစ်ကောင်စီ စစ်ရိက္ခာသယ် ယာဉ်တန်းသည် မေလ ၂ရက်ခန့်မှ ကချင်ပြည်နယ်ဘက်ကို ဦးတည်ကာ စတင်တက်လာခဲ့သည့် စစ်ယာဉ်တန်းဖြစ်ပြီး အဆိုပါ စစ်ရိက္ခာများကို သယ်ယူနိုင်ရန်အတွက် ကချင်ပြည်နယ်ဘက်တွင် ပြည်ထောင်စုလမ်းမတစ်လျှောက် စစ်အင်အား ၆၀ ဝန်းကျင်ခန့် လုံခြုံရေးချထား ကြောင်းလည်း ဆက်လက် သိရသည်။

အဆိုပါယာဉ်တန်းသည် ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခံရပြီးနောက် ယနေ့ညနေပိုင်းတွင် မိုးကောင်းမြို့နယ်ဘက်သို့ ဆက်လက်ထွက်ခွာသွားပြီဟု သိရသည်။

 

Show More

Related Articles

Back to top button