စစ်ပြေးဒုက္ခသည်များသတင်း

မြစ်ကြီးနားမြို့ပေါ်က စစ်ရှောင်စခန်းများတွင် အထောက်အပံ့မရှိတော့သည့် အတွက် စားဝတ်နေရေး အခက်တွေ့နေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်စခန်းအချို့တွင် အထောက်အပံ့များ မရှိတော့သည့်အတွက် စားဝတ်နေရေး ကြပ်တည်းမှု ပြသာနာဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

စစ်တပ် အာဏာမသိမ်းခင် နိုင်ငံတော်အစိုးရနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ အလှူရှင်များမှ ပုံမှန် ရောက်ထောက်ပံ့လျက်ရှိပြီး အာဏာသိမ်းပြီးနောက်တွင် ယင်းအထောက်အပံ့များ သိသိသာသာ လျော့လာပြီး ယခုနှစ်တွင် အထောက်အပံ့များ လုံးဝရပ် တန့်သွားသည့်အတွက် စစ်ရှောင်ပြည်သူများ စားဝတ်နေရေး အကြပ်အတည်းဖြင့် ရင်ဆိုင် နေရကြောင်း မြစ်ကြီးနားမြို့ လယ်ကုန်းစစ်ရှောင်စခန်းတစ်ခုမှ တာဝန်ခံက KNGသတင်းဌာနသို့ ပြောသည်။

“အရင်တုန်းကတော့ ကိုဗစ်တုန်းကဆိုရင်လည်း ဆန်တွေဘာတွေအစိုးရက ကူညီတာရှိတယ် နောက်ပြီးမှ အဖွဲ့အစည်း ကနေကူညီတာရှိတယ်။ ဒီနှစ်သစ်ပိုင်းတွေတော့ အဲ့ဒါမျိုးတွေကူညီတာမရှိတော့ဘူး။ ကုန်စျေးနှုန်း တွေလည်း တက်တော့ အစားအသောက်တွေလည်း ဝယ်စားရတာအခက်အခဲတွေရှိတယ်။ အခုတော့ အစားအသောက်တွေလည်း မရတာကြာပြီ ဘယ်ကမှထောက်ပံ့တာမရှိတော့ဘူး အစားအသောက်တွေအခက် အခဲ ရှိတယ်” ဟု ပြောသည်။

စစ်ရှောင်ပြည်သူများအနေဖြင့် အထောက်အပံ့များ မရှိတော့သည့်အပြင် ဝင်ငွေရရှိသည့် အလုပ်အကိုင် အကိုင်အခွ င့်အလမ်းလည်း မရှိတော့သည့်အတွက် ပိုမိုခက်ခဲနေခြင်းဖြစ်ကြောင်း သိရသည်။

“အလုပ်တွေကလည်းရှာလို့ အဆင်မပြေ။ ကြုံရာ ကျပန်း အလုပ်လေးရှိရင်တချို့က အဲ့လိုလုပ် နေ့စားကလည်း အရင်တုန်းကလို ပုံမှန် မရှိတော့ဘူး။ အဲ့ကြောင့်တချို့က တရုတ်ပြည်ဘက်ကိုသွားကြပေမယ့် အဆင်မပြေလို့ ပြန်လာကြတာတွေရှိတယ်” ဟု စစ်ရှောင်ပြည်သူတစ်ဦးကပြောသည်။

လတ်တလော မြစ်ကြီးနားမြို့ပေါ် စစ်ရှောင်ပြည်သူများအား World Food Program (WFP) မှ လစဉ် တစ်ဦးလျှင် ကျပ် ၁၃၀၀၀ ထောက်ပံပေးလျက်ရှိပြီး ယင်းထောက်ပံ့ငွေသည် စစ်ရှောင် ပြည်သူတစ်ဦးအတွက် တစ်လစာလုံလောက်မှု မရှိကြောင်း စစ်ရှောင်ပြည်သူများက ဆိုသည်။

“လောလောဆယ်တော့ တခြားအထောက်အပံ့ မရှိတော့ဘူး အခု WFP တစ်ခုထဲပဲရှိတော့တယ်။ ကျန်တာကတော့ အဲ့လိုအထောက်အပံ့တွေမရှိတော့တာ အတော်လေးကြာနေပြီ မနှစ်ကတော့အစိုးရနဲ့တခြားဖွဲ့စည်းတွေက ဆန်တွေဆီတွေထောက်ပံ့တာရှိတယ် ဒီနှစ်ကတော့ဘယ်အဖွဲ့အစည်းမှ ဘာမှကိုမရှိတော့တာ” ဟု မြစ်ကြီးနားမြို့ ဂျာမိုင်ကောင်းစစ်ရှောင်စခန်းတာဝန်ခံက ပြောသည်။

ယခင်နှစ်များတွင် အစိုးရနှင့် အစိုးရမဟုတ်သည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ စစ်ရှောင်ပြည်သူများကို လစဉ်ထောက်ပံ့မှုများ ရှိခဲ့သောကြောင့် စစ်ရှောင်ပြည်သူများစားဝတ်နေရေးအဆင်ပြေခဲ့သော်လည်း စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်းတွင် စားဝတ်နေရေး ကြပ်တည်းနေခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့ပေါ်တွင် ၂၀၁၁ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ် တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့ပေါ်သို့ တိမ်းရှောင်လာသော စစ်ရှောင်စခန်းပေါင်း ၁၅ ခုထက် မနည်း ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button