သတင်း

ဝိုင်းမော် ပြည်သူ့စစ်သင်တန်းပေးရန် လီဆူအသိုင်းအဝိုင်းတွင် စည်းရုံးရေး လုပ်ဆောင်နေ

ဝိုင်းမော်မြို့နယ် ဝူယာန်ကျေးရွာနှင့် အောင်မြေ (၁) ကျေးရွာ ၂ ခုတွင် စခန်းချထားသော ပြည်သူ့စစ်တပ်ဖွဲ့အတွက် လူအင်အား တိုးချဲ့ရန် စစ်ကောင်စီကိုယ်စားလှယ်များမှ လီဆူလူမျိုး အသိုင်းအဝိုင်းတွင် စည်းရုံးရေး လုပ်ဆောင်နေကြောင်း သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ဝိုင်းမော်မြို့နယ်တွင် ပြည်သူ့စစ်အင်အား တိုးချဲ့ရန် ဒုတိယအကြိမ် စစ်သင်တန်းအတွက် စည်းရုံးနေခြင်းဖြစ်ကာ ‘ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ခုခံတိုက်ခိုက်ရန် လူအင်အား’လိုအပ်သည်ဟု ပြောဆို စည်းရုံးနေသည်ဟု ဝူယန် ဒေသခံတစ်ဦး က KNG သတင်းဌာနကို ပြောဆိုသည်။

“ဒီမှာ သူတို့စည်းရုံးရေးလုပ်နေတာကြာပြီ။ သူတို့ရဲ့ လူမျိုးအချင်းအချင်းကြားနဲ့ ဆွေမျိုးအချင်းချင်းကြားမှာ လိုက်စည်းရုံး နေတာ ဟုတ်တယ်။ အဓိကတော့ KIA ကို ခုခံတိုက်ခိုက်ဖို့အတွက်လည်း ဖြစ်တယ်လို့ သူတို့ရဲ့ ပြောကြားတဲ့ထဲမှာလည်း အမြဲပါတယ်” ဟု ပြောဆိုသည်။

ဝူယန် ကျေးရွာ အုပ်ချုပ်ရေးရုံးတွင် စခန်းချသော ပြည်သူ့စစ်ဂိတ်ကို ပြီးခဲ့သည့် နိုဝင်ဘာလက ကချင်လွတ်လပ်ရေးတပ်တော် KIA က သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စည်းရုံးရေး လုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်နေခဲ့သည်ဟု ဒေသခံများ ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ့စစ်သင်တန်း ပထမအသုတ် လူအင်အား ၂၀၀ ဝန်းကျင်ခန့်ကို မြစ်ကြီးနား နန်းကွေ့ အုပ်စု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်လေ့ကျင့်ရေးကွင်းတွင် ပြုလုပ်ခဲ့သည်။

ထို့နောက် အဆိုပါ စစ်အင်အားဖြင့် ဝူယန်ကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ဒေသခံများကန့်ကွက်သည့်ကြား ပြည်သူ့စစ်ဂိတ်ကို တည်ဆောက်ခဲ့ပြီး လမ်းသွားလမ်းလာပြည်သူများထံမှ ငွေကြေးကောက်ခံမှုများ စတင်လုပ်ဆောင်ခဲ့သည်။

အဆိုပါ ဂိတ်ကို တည်ဆောက်ပြီး ရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ သွားရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ပြည်သူ့စစ်စခန်းမှ ကျေးရွာအတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သည်။

ဝူယာန် ပြည်သူ့စစ်တွင် လီဆူ လူမျိုး အများစုပါဝင်သောကြောင့် လီဆူပြည်သူ့အဖွဲ့ဟု ဒေသခံများက ခေါ်ဆိုကြပြီး အဆိုပါစခန်းနှင့် အောင်မြေ ၁ ပြည်သူ့စစ် စခန်း တို့သည် ဝိုင်းမော်မြို့ ခလရ (၅၈) တပ်ရင်းအောက်တွင် ရှိသည်ဟု သိရသည်။

လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်နယ်မြေ ဘက်သို့ လမ်းဖောက်ရန် ထိုးစစ်ဆင်နေသော စစ်ကြောင်းတွင် ဝိုင်းမော်ပြည်သူ့စစ်များလည်း ပါဝင်ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံမှ သိရပါသည်။

Show More

Related Articles

Back to top button