စစ်ပြေးဒုက္ခသည်များသတင်း

တောထဲထွက်ပြေးနေရသော ဆွမ်ပီယန်နှင့် အင်စီးယန် ဒေသခံ များ နေရပ်ပြန်

ပူတာအိုမြို့နယ် တိုက်ပွဲကြောင့် ၂ လနီးပါး တောတွင်းတိမ်းရှောင်ခဲ့ရသော ဆွမ်ပီယန်နှင့် အင်စီးယန်ဒေသခံများသည် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နှင့် ဘာသာရေးခေါင်းဆောင်များ၏ ကူညီမှုဖြင့် ယနေ့ ကျေးရွာအတွင်းသို့ ပြန်လာနေထိုင်ကြပြီဟု သိရသည်။

ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်တွင် မြစ်ကြီးနားခရစ်ယာန်ကောင်စီ (MCC) နှင့် ကချင်ငြိမ်းချမ်းအကျိုးဆောင်အဖွဲ့(PCG)၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) တို့ဖြင့် ဖွဲ့စည်းထားသော ၁၇ ဦး ကော်မတီဝင်အဖွဲ့၏ ဦးဆောင်ကူညီမှုဖြင့် ပြန်လာနိုင်ခြင်းဖြစ်သည်ဟု အင်စီးယန် စစ်ရှောင်ပြည်သူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“တောမှာ တိမ်းရှောင်တဲ့ စစ်ရှောင်အားလုံး ဒီမနက် ၈ နာရီ ရွာမှာ ပြန်ရောက်ပါပြီ။ အဓိကတော့ ဘာသာရေးခေါင်ဆောင်တွေ PCG နဲ့ WMR တို့ရဲ့ ဦးဆောင်မှုအောက်မှာ ပြန်လာကြတာဟုတ်တယ်။ ကျနော်တို့ စစ်ရှောင်တွေလည်း ရွာပြန်ချင်ကြတာဖြစ်တဲ့အတွက် တာဝန်ရှိသူတွေကို တင်ပြခဲ့ကြတယ်။ အဲ့ကြောင့် တင်ပြတဲ့အတိုင်း အခုရွာကို ပြန်လာလို့ရတယ်လို့ မြင်တယ်” ဟု ပြောဆိုသည်။

တိုက်ပွဲကြောင့် ဆွမ်ပီယန်နှင့်အင်စီးယန် ဒေသခံပြည်သူများ ၂ လခန့်အကြာ တောတွင်းတိမ်းရှောင်နေစဉ်တွင် ကျေးရွာအတွင်း ၎င်းတို့ ပိုင်ဆိုင်သည့် အိမ်တွင်းပစ္စည်းများပျောက်ဆုံးသွားသည့်အပြင် လူနေထိုင်၍ မရအောင် နေအိမ် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သောကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ပေးရန် အကူညီ လိုအပ်နေသည်ဟု သူက ဆက်ဆို ထားသည်။

“လူနေအိမ်တစ်ချို့ မီးရှို့တဲ့ ထဲ ပါသွားတယ်။ တစ်ချို့က ပျက်စီးသွားတာ နေလို့တောင်မရဘူး။ ပြီးရင် အိမ်းတွင်း ပစ္စည်းတွေလည်း တစ်စစီ တစ်ခုမှ ပြန်မရတော့ဘူး။ အားလုံးက အစကနေပြန်လုပ်ယူရတော့မယ်။ အခုထိ အိမ်ဘယ်လောက်ထိ ပျက်စီးသွားသလဲဆိုတာကို အတိအကျ မသိရသေးဘူး။ ကျေးရွာ ၂ခု ဆိုတော့ ပျက်စီးတာ တော်တော်များမယ် ထင်တယ်။ ရွာကို ပြန်ရတာတစ်ခုဘဲ ရှိတယ်။ ဘာမှ ပြန်ရတာမရှိတော့ တော်တော်ခက်ခဲ နေရတယ်။ ဒါကြောင့် အစားအသောက်ကအစ ကူညီထောက်ပံ့ရေးတွေလုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ပြောဆိုသည်။

တောတွင်း တိမ်းရှောင်ခဲ့သော စစ်ရှောင်ပြည်သူများကို ခေါ်ယူရန်အတွက် ဘာသာရေးခေါင်းဆောင်များ၊ PCG နှင့် WMR ၁၇ ဦးကော်မတီအဖွဲ့မှ မတ်လ ၂၁ ရက်နေ့ ဆွမ်ပီယန်နှင့်အင်စီးယန် ကျေးရွာတွင် တပ်စွဲနေထိုင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် သွားရောက်တွေ့ဆုံး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် စစ်ရှောင်များကို ကျေးရွာအတွင်းသို့ ခေါ်ဆောင်လာခြင်း ဖြစ်ပါသည်။

ယနေ့ ကျေးရွာသို့ ပြန်လာကြသော ဆွမ်ပီယန်နှင့် အင်စီးယန် ဒေသခံများမှာ လူဦးရေ ၃၁၉ ရှိကြောင်း သိရသည်။

အဆိုပါ ပူတာအိုစစ်ရှောင်များ ကျေးရွာအတွင်း ပြန်လည်နေထိုင်ရန်နှင့် ပတ်သက်ပြီး မြစ်ကြီးနားခရစ်ယာန်ကောင်စီ (MCC) ၊ PCG နှင့် WMR အဖွဲ့မှ မတ်လ ၉ရက်နေ့တွင် စစ်ကောင်စီ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ထံသို့ စာတင်ပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ပူတာအိုမြို့နယ် ဆွမ်ပီယန်၊ လုန်ရှာယန်၊ အင်စီးယန်နှင့် ဖတ်မာ စသောကျေးရွာများတွင် ပြီးခဲ့သော ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်တော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ကျေးရွာဒေသခံ ၅ ထောင်ဝန်းကျင်ခန့် တောတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်း ဖြစ်ပါသည်။

စစ်ရှောင်များအနက် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များသည် ပူတာအိုနှင့် မြစ်ကြီနားမြို့ဘက်သို့ ထွက်ပြေးလာသူများရှိကြောင်းသိရသည်။

Show More

Related Articles

Back to top button