နှစ်ရက်ခြားတစ်ကြိမ်သာ လျှပ်စစ်မီးရသော ပူတာအိုတွင် ယခင်လထက် မီတာကြေး ပိုမိုကုန်ကျနေ
ကချင်ပြည်နယ် ပူတာအိုမြို့ ယခုမတ်လအတွင်း လျှပ်စစ်မီး နှစ်ရက်ခြားတစ်ကြိမ်သာ ရရှိသော်လည်း လျှပ်စစ်မီး အသုံးပြုခမှာ ယခင်လများထက် ပိုများနေကြောင်း ဒေသခံများပြောသည်။
ယခင်က တစ်ရက်လျှင် နံနက် ၉ နာရီ မှ ညနေ ၅နာရီထိ တစ်ကြိမ် ည ၈ နာရီခွဲမှ နံနက် ၅နာရီတစ်ကြိမ် အချိန်ပိုင်းအားဖြင့် ပုံမှန် လျှပ်စစ်မီးရရှိခဲ့သော်လည်း မတ်လ ၃ရက်နေ့မှ စတင်ပြီး ၂ ရက်ခြားတစ်ကြိမ်သာ လျှပ်စစ်မီးရရှိခဲ့သည်။
သို့သော်လည်း ယခုလ လျှပ်စစ်မီတာအသုံးပြုခမှာ ယခင်လများထက်ပိုများနေကြောင်း ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေသူ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။
”အရင်လ တွေက ဆိုရင် နေ့တိုင်းမီးပုံမှန်လာတယ်။ အဲ့ချိန်ကတော့ တစ်လတစ်လကို မီတာခက ၇၀၀၀ ကနေ ၈၀၀၀ အထိအများဆုံးပဲ ပုံမှန်အ့လောက်ပဲကျတယ်။ ဒီလက နှစ်ရက်ကိုတကြိမ်ပဲမီးပေးတယ် အလေ့ကျစနစ်နဲ့ပေးပေမယ့် မီတာခက အရင်ကထက်များနေတယ် ဒီလက တစ်သောင်းကျော်ကျတယ် တခါမှအ့လောက်မကျဖူးဘူး ၈၀၀၀ အများဆုံးပဲ” ဟု ယင်းအမျိုးသားက ပြောသည်။
ပူတာအိုတစ်မြို့နယ်လုံးကို အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်မီးဖြန့်ဖြူးပေးလျက်ရှိသည်။
လက်ရှိ အထက်နမ့်ထွမ် ရေခမ်းခြောက်လာသောကြောင့် ယခင်က စက်နှစ်လုံး လည်ပတ်နိုင်ရာမှ ယခုလတွင် ရေအားကြောင့် စက်တစ်လုံးသာ လည်ပတ်နိုင်ပြီး ပူတာအိုမြို့ပေါ်နှင့် ကျေးရွာများကို နှစ်ရက်ခြားတစ်ကြိမ်သာ လျှပ်စစ်မီးပေးနေရကြောင်း မြို့နယ် EPC မှ သိရသည်။
ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးကလည်း “ကျွန်မတို့က မီးလည်းအဲလောက်မသုံးဘူး အိမ်မှာ မီးသီးသုံး လုံးပဲ တပ်ထားတာကျန်တာလည်းမသုံးဘူး။ အရင် မီးနေ့တိုင်းလာတုန်းကတောင်အဲလောက်မပေးဘူး အခုကနှစ်ရက်ခြား တစ်ခါမီးပေးတာတောင်မီတာခက တစ်သောင်းနှစ်ထောင်ကျတယ်”ဟု ပြောသည်။
ပူတာအိုမြို့နှင့် အနောက်ဘက် ၇ မိုင်ခန့်အကွာတွင် တည်ရှိသည့် အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံသည် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ပူတာအို၊ မချမ်းဘော့မြို့နှင့် ကျေးရွာပေါင်း ၂၅ ရွာ မှ အိမ်ထောင် စုစုပေါင်း ခြောက်ထောင်ကျော်ကို လျှပ်စစ်မီးပေးနေကြောင်း သိရသည်။
မြန်မာပြည်တွင် မတ်လ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၂၄ နာရီလျှပ်စစ်မီးပြတ်တောက်မည်ဟု စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနမှ မတ်လ ၆ ရက်နေ့တွင် ကြေငြာခဲ့ပြီး ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ ဗန်းမော်နှင့်အခြားမြို့ကြီးများတွင်လည်း ယခုလအတွင်းမကြာခဏ လျှပ်စစ်မီးပြတ်တောက်မှုများဖြင့် ဖြစ်ပွားနေပါသည်။