သတင်း

KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှ ယနေ့ မတ် ၂၃ ရက်နေ့တွင် ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်ကြောင်းသိရသည်။

“တရားရုံးကနေ ထောင်ဒဏ် ၂နှစ်ဆိုပြီး ချမှတ်လိုက်တယ်။ သူ့ကိုထောင်ဒဏ်ချမှတ်တဲ့ ပုဒ်မ က ၅၀၅(က)ဖြစ်တယ်။ လျှော့ရက်က ၇လ လောက်ပါတယ်လို့ ပြောတယ်” ဟု KNC ပါတီဘက်မှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

ယခုလို KNC ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်သည့်အပေါ် ပါတီဘက်ကနေ စိတ်မကောင်းစရာ ဖြစ်စေသည်ဟု သူက ဆက်ဆိုထားသည်။

“ကျနော်တို့ရဲ့ ပါတီ ဥက္ကဋ္ဌ ကိုအခုလို ထောင်ဒဏ်ချမှတ်လိုက်တာက ပါတီဘက်ကကြည့်ရင် စိတ်မကောင်းဖြစ်ရတယ်။ အချိန်လည်းကုန်တယ်။ ပါတီရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေလည်း ဆက်လုပ်ဖို့ မရတော့ဘူး။ နောက် ကျနော်တို့ ကချင်နိုင်ငံရေးအတွက်လည်း ဆုံးရှုံးမှုတစ်ခုဖြစ်တယ်” ဟု ပြောဆိုသည်။

ဒေါက်တာ M Kawn La သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ခန့် နေပြည်တော်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသည်မှာ ၇လခန့်ကြာမြင့်လာပြီးနောက် ရုံးချိန်း ၅ ကြိမ်အပြီး အမိန့်ချမှတ်ခံလိုက်ရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button