တိုက်ပွဲသတင်း

စစ်ကောင်စီ ခြေလျှင်တပ်အား မြို့လှ PDF တပ်မှ မိုင်းဆွဲတိုက်ခိုက်၊ ထိခိုက်သေဆုံးမူရှိနိုင်

စစ်ကိုင်းတိုင်းဒေသကြီး ကသာနယ် ချောင်းဝရွာအနီး သင်္ဘောလုံခြုံရေးယူပေးရန် ခြေလျင်စစ်ကြောင်းဖြင့် ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မြို့လှ PDF တပ်ဖွဲ့က ယနေ့နံနက်ပိုင်း ၆နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ် အင်အား ၅၀ခန့်ရှိသည့် စစ်ကြောင်းက မင်းကျောင်းကုန်းရွာမှ ချောင်းဝရွာဖက်သို့ ကန်ဘောင်လမ်းအတိုင်း ထွက်ခွာလာစဉ် လမ်းခုလတ်တောစပ်တနေရတွင် ဗိုလ်မိုဃ်းကြိုး ဦးဆောင်သော မြို့လှ PDF တပ်မှ မိုင်း ၈ လုံးဖြင့် စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF ဘက်မှတာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကိုပြောဆိုသည်။

“သူတို့ရွှေကူဘက်ကနေ သင်္ဘောထွက်လာပြီဆိုတော့ သင်္ဘောလုံခြုံရေးယူပေးဖို့ ခြေလျင်နဲ့မြစ်ကြောင်းတစ်လျှောက် ထွက်လာတာကို ကျနော်တို့အဖွဲ့ကနေ မိုင်းဆွဲတိုက်ခိုက်လိုက်တာဟုတ်တယ်။ စစ်ကောင်စီဘက်က ထိခိုက်မှုတော့ရှိနိုင်တယ်”ဟုပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်၏ စစ်အင်အား ၅၀ခန့်တွင် ၂ဦးသေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်ဟုသိရသည်။ သို့သော် အဆိုပါ ထိခိုက်သေဆုံးမူနှင့်ပတ်သက်ပြီး KNG သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဆက်လက်စုံစမ်းလျက်ရှိပါသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်း ကသာအထက်ပိုင်း ရွှေကူနှင့် ဗန်းမော်ဘက်သို့ ရေကြောင်းအသုံးပြုကာ စစ်အင်အားအများအပြားဖြည့်တင်းနေပြီး ၎င်းတို့၏ စစ်အင်အားနှင့် ရိက္ခာတင်သင်္ဘောများကို လုံခြုံရေးရယူရန် ယခင်ထက်ပိုမိုတိုးမြင့်လာကြောင်း သိရသည်။

စစ်အင်အားတိုးမြင့်လာသည်နှင့်အမျှ တစ်ဖက်တွင်လည်း ၎င်းတို့ သင်္ဘောလာရာမြစ်ကြောင်းတစ်လျှောက် တွင်လည်း ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့၊ မြို့လှ PDF တပ်ဖွဲ့များ၏ မကြာခနစောင့်ကြိုတိုက်ခိုက်ခံမှုများရှိနေပါသည်။

ယင်းကဲ့သို့ နှစ်ဖက်တိုက်ပွဲများ မကြာခနဖြစ်နေသည့်အတွက် မြစ်ကြောင်းတစ်လျှောက်ကျေးရွာနေပြည်သူများ မကြာခနဆိုသလို ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မြစ်ကြောင်းတစ်လျှောက်ရှိသော ဘိုကုန်းကျေးရွာနေ ပြည်သူတစ်ဦးက ယခုလိုပြောဆိုသည်။

“သူတို့က သင်္ဘောအတက်ဆိုလည်း ရွာဘက်တွေကိုလှမ်းပစ်တယ်။ အဆင်းလည်းအတူတူဘဲ လှမ်းပစ်တယ်။ အဲကြောင့် ကျနော်တို့က သင်္ဘောအတက်အဆင်းပိုသတိထားနေရတယ်။ သူတို့ဖြစ်ပြီဆို ကျနော်တို့ ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေရတယ်”ဟုဆိုသည်။

ကသာနယ်အထက်ပိုင်း မြစ်‌ကြောင်းတစ်လျှောက် ယခုလ မတ်လအတွင်း စစ်‌ကောင်စီတပ်၏ စစ်ရိက္ခာသယ် သင်္ဘောပစ်ခံရမူသည် ၆ကြိမ်ထက်မနည်းရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button