သတင်း

မီတာခ မဆောင်လို့ဟု ဆိုကာ မော်ဟန်ကျေးရွာကို စစ်ကောင်စီမှ လျှပ်စစ် မီးဖြတ်တောက်

မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် မီတာကြေး မဆောင်သောကြောင့်ဟုဆိုကာ စစ်ကောင်စီက တစ်ရွာလုံးကို လျှပ်စစ်မီးဖြတ်တောက်ထားကြောင်း သိရသည်။

မော်ဟန်ကျေးရွာ အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့်အနက် အိမ်ခြေ ၆၀ ကျော်ခန့်ကသာ မီတာခ ဆောင်လေ့ရှိသောကြောင့် မတ်လ ၂၁ ရက်နေ့မှ စတင် လျှပ်စစ်မီး ဖြတ်တောက်လိုက်သည်ဟု လျှပ်စစ်ရုံးမှ ပြောလာကြောင်း မော်ဟန်ကျေးရွာမှ အမည်မဖော်လိုသူ ပြည်သူတစ်ဦးက ဆိုသည်။

“အခွန်မဆောင်လို့ မီးဖြတ်ပေးတဲ့သဘောပဲ။ EPC ကပြန်ပြောလာတာက အိမ်ခြေတစ်ထောင်ကျော်မှာ ထောင်အိမ်ထောင်စု ငါးဆယ် ခြောက်ဆယ်လောက်ပဲ ဆောင်ထားတာရှိတယ်တဲ့။ ဆောင်တဲ့လူကတော့ ဆောင်ပေမယ့် မဆောင်တဲ့ သူတွေနဲ့ရောပြီးမှ မီးဖြတ်တဲ့ထဲမှာပါသွားတာပေါ့ဗျာ။ အခုမီးမလာတာက ဒီတစ်ညနဲ့ဆိုလေးရက်ရှိပြီဗျ”ဟု ပြောဆိုသည်။

မော်ဟန်ကျေးရွာတွင် EPC မှ မီတာစာရွက် လာမဖတ်သောကြောင့် မီတာခ မဆောင်ခဲ့ခြင်းဖြစ်ကြောင်း မော်ဟန်ကျေးရွာနေ ပြည်သူတစ်ဦးက ဆက်ပြောသည်။

“ကျွန်တော်တို့ကတော့မဆောင်ဘူးဗျ။ မဆောင်ဘူးဆိုတာက မီတာစာရွက် လာမဖတ်တော့ ထဲထဲဝင်ဝင် မသိတာဘူး။ ခါတိုင်းက လာဖတ်ကြတယ်။ မီတာစာရေးက မီတာစာရွက်လာလာပေးတော့ အဲ့ဒီအတိုင်းသွားသွားဆောင်တာလေ။ အခုနောက်ပိုင်းက မီတာစာရွက်လာလာ မဖတ်တော့ဘူး” ဟု မော်ဟန်ကျေးရွာနေပြည်သူတစ်ဦးကပြောသည်။

EPC ရုံဘက်မှလည်း ပြည်သူများထံသို့ မီတာစာရွက်များ လာရောက်ပေးခြင်းမရှိသည်မှာ ခြောက်လကျော်ခန့်ကြာမြင့်လာပြီ ဖြစ်ကြောင်းနှင့် မီတာ စာရေးများအနေဖြင့်လည်း ၎င်းတို့၏ လုံခြုံရေးကို စိုးရိမ်သည့်အတွက် မီတာမဖတ်ခြင်းဖြစ်ကြောင်း သိရသည်။

“မီတာစာရေးတွေကလည်း သူတို့လုံခြုံရေး စိုးရိမ်လို့ မီတာ လာမဖတ်ရဲတာလို့ သိရတယ်။ မီတာမဖတ်တော့ ပြည်သူတွေက မဆောင်ကြဘူး။ မီတာမဆောင်တော့အစိုးရက အရှူံးပေါ် နေလို့ မီးဖြတ်လိုက်တာဖြစ်တယ်။ မီတာစာရေးတွေကိုတော့ ခြိမ်းခြောက်တာ ဘာညာမရှိပါဘူး။ ဒီဘက်မှာက သူတို့တစ်ဖက်သတ်စိုးရိမ်နေတာ”ဟု မိုးညှင်းမြို့နယ် EPC အသိုင်းအဝန်းနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။

မော်ဟန်ကျေးရွာကို မိုးညှင်းမြို့နယ်ရှိ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးဖြန့်ဖြူးပေးလျက်ရှိပြီး ယခု လျှပ်စစ်မီးဖြတ်တောက်ရာတွင် ရက်အကန့်အသတ်မရှိဖြတ်တောက်ထားသောကြောင့် မော်ဟန်ကျေးရွာနေပြည်သူများ အနေဖြင့် မီတာခပေးဆောင်မှသာလျှင် လျှပ်စစ်မီးပြန်ပေးမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ မော်ဟန်ကျေးရွာတွင် အိမ်ခြေတစ်ထောင်ကျော်နှင့် လူဦးရေ ခြောက်သောင်းကျော်မှီတင်း နေထိုင်နေကြောင်းသိရသည်။

Show More

Related Articles

Back to top button