သတင်း

စစ်ကောင်စီ သင်္ဘော လုံခြုံရေး ခြေလျင်တပ်ကို ဒေသခံကာကွယ်ရေးတပ်မှ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်

ကသာမြို့နယ် မိုးတားလေးကျေးရွာ မြို့လှဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ သင်္ဘော လုံခြုံရေးတပ်ကို ဒေသခံကာကွယ်ရေးတပ်မှ ယနေ့ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်‌ကောင်စီတပ်၏ သင်္ဘော လုံခြုံရေးယူပေးရန် ခြေလျင်စစ်ကြောင်းဖြင့် တက်လာသည့် စစ်ကြောင်းကို ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီတွင် တစ်ကြိမ် ဒေသကာကွယ်ရေးတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“သင်္ဘော မနေ့ည မိုးတားလေးမှာနားတာ သင်္ဘောမထွက်ခင် ကြိုပြီးလုံခြုံရေးယူပေးဖို့ ထွက်လာတဲ့ စစ်ကြောင်းပါ။ စစ်ကြောင်းက နှစ်ကြောင်းခွဲထွက်တာ မနက်ကတစ်ကြောင်း နေ့လည်ကတစ်ကြောင်း ‌ပစ်ခံရတဲ့နေရာတော့ မိုးတားလေး၊ ဝဲကြီးတစ်လျှောက်ဘဲ” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ပထမအကြိမ် အင်အား ၅၀ခန့်ရှိသည့် ခြေလျင်စစ်ကြောင်းကို မိုးတာလေးရွာမှ အောက်ဖက် ဝဲကြီးရွာအနီး မြေနုကျွန်းအနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ မွန်းလွဲ ၂နာရီဝန်းကျင်တွင် အင်အား ၇၀ ဦးခန့်ပါ စစ်ကြောင်းကို မြေနုကျွန်းအောက်ဖက် သံပုရာကုန်းစပ်ကြားတွင် ထပ်မံ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ကြောင်းနှစ်ကြောင်းကို ဗိုလ်သာလိကာ ဦးဆောင်သော ဒေသကာကွယ်ရေးတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့နိုင်ခဲ့သည့်အတွက် သေဆုံးသူ ၈ ဦး ထက်မနည်း ရှိနိုင်ကြောင်း သိရသည်။

“နေ့လည်က ပစ်ခံရတဲ့ထဲ အင်အားက ၇၀ လောက်ရှိတယ်။ အဲဒါရွာဘက်ကို ကျတော့ ၆၅ ယောက်လောက်ဘဲ ဝင်လာတယ်ဆိုတော့ ခန့်မှန်းက မနက်နဲ့ညဆိုရင်တော့ ၈ဦးထက်မနည်းတော့ သေဆုံးရှိနိုင်တယ်” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောသည်။

ထို့ပြင် ယင်းစစ်ကောင်စီတပ်သည် တုတ်ကြီးရွာခံအချို့ကို စစ်ကြောင်းချီရာသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဝဲကြီးရွာအရောက်တွင် ပြန်လွတ်ပေးခဲ့ပြီးနောက် ဝဲကြီးဒေသခံများကို ထပ်မံဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း ကသာအထက်ပိုင်း ယခုရက်ပိုင်းအတွင်း သင်္ဘော လုံခြုံရေးယူပေးသည့် စစ်ကောင်စီ၏ ခြေလျင်တပ်များကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်သော PDF တပ်ဖွဲ့များက နေ့စဉ် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုသိရသည်။

Show More

Related Articles

Back to top button