သတင်း

မြစ်ကြီးနားတွင် ကားတစ်စီးကို လူ ၃ ဦး သေနတ်ထောက်ပြီး ကား ဓါးပြတိုက်

မြစ်ကြီးနား စီတာပူရပ်ကွက် နောင်ရာကွင်းအနီး ဇေယျာမင်းဆီဆိုင်ရှေ့တွင် ကားမောင်းလာသော ပြည်သူတစ်ဦးကို လူငယ် ၃ ဦးမှ သေနတ်ထောက်ကာ ကားဓါးမြတိုက်ယူသွားကြောင်း သိရသည်။

မတ်လ ၂၇ ရက်နေ့ ညနေပိုင်း ၇ နာခွဲခန့် နောင်ရာကွင်းအနီးတွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကာ Honda Fit ge-6 ကားအဖြူတစ်စီးကို ဓါးပြတိုက်သွားသည်ဟု ကားပိုင်ရှင်က ယခုလိုပြောသည်။

“ကျနော့်ကို ဆိုင်ကယ်နှစ်စီးနဲ့ အရှေ့ကရော အနောက်ကရော ပိတ်ရပ်လိုက်တယ်။ သေနတ်နဲ့ချိန်ထားပြီး ဆင်းခဲ့နင့်ကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စစ်ဆေးစရာရှိတယ်လို့ ပြောတယ်။ ဆိုတော့ ကျနော်လည်း ကောင်းကောင်းမွန်မွန်စစ်တဲ့သူတွေလို့ ထင်သွားတာပေါ့။ ကျနော်ဆင်းပေးလိုက်တာ ဒါပေမဲ့ ဆင်းပေးပြီးချင်းချင်း တစ်ယောက်က သေနတ်နဲ့ချိန်ပြီး တစ်ယောက်က ကားပေါ် ကပြာကရာတက်လိုက်တယ်။ လှုပ်ရင်ပစ်မှာ ဘာညာဆိုပြီးပြောတယ်။ တစ်ယောက်က ဆိုင်ကယ်နဲ့အရင်ထွက်သွားပြီး သေနတ်နဲ့ချိန်ထားတဲ့ကောင်က ကားပေါ် တက်မောင်း လုသွားတာ။” ဟု ကားလုယက်ခံလိုက်ရသူ ပြည်သူတစ်ဦးက KNG ကိုပြောသည်။

ဓါးမြတိုက်သူများမှာ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ် ၃ ဦးဖြစ်ကြပြီး 125 ဆိုင်ကယ်နှစ်စီးဖြင့် ရှေ့နောက် ပိတ်ဆို့ကာ ကားဓါးပြတိုက်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းတို့ လုယူသွားသော ကားအထဲတွင် ကားပိုင်ရှင်၏ ယာဉ်မောင်းလိုင်စင်နဲ့ နိုင်ငံသားမှတ်ပုံတင်လည်း ပါသွားကြောင်း သိရသည်။

ထိုဓားမြတိုက်သူ ၃ ဦး၏ သေနတ်မှာ အစစ်ဖြစ်နိုင်ချေ မရှိကြောင်း ၎င်းက ယခုလို ဆက်ပြောသည်။

“ကျနော်ထင်တာ ကျနော်မြင်လိုက်တာ၊ သေနတ်က တစ်ယောက်ပဲ ပါတယ်။ အရမ်းလည်း မရှည်ပဲနဲ့ စနှိုက်ဘာလို ပြောင်းက တပ်ထားသေးတယ်။ ကြည့်ရတာအစစ်တော့မဟုတ်ဘူး။ အစစ်မဟုတ်ဘူးလို့ထင်တာပဲ ကျနော်လည်း အရမ်းလန့်သွားတာလည်း ပါတာပေါ့။ ဒါတောင် မျက်နှာတွေ ကျနော် မမှတ်မိဘူး။ သူတို့ကျနော့ကို ပြောနေတာတော့ ဗမာလိုပဲပြောနေတာပေါ့နော်။ ကျနော့်ကို ပြောတဲ့အချိန် ဟေ့ကောင် ရှာ ရှာ ဒီကောင့်ကို ရှာရှာ အဲ့လိုပဲပြောနေကြတယ် တစ်ယောက်နဲ့တစ်ယောက်ကလည်း” ဟု ၎င်း ကား လုယက်ခံရသူက ဆက်ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် လုယက်မှုနှင့် ဓါးထိုးမှုများဆက်တိုက်ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ နေ့လည် ၁၂ နာရီခန့်ကလည်း မြစ်ကြီးနား၊ ရမ်ပူရပ်ကွက်တွင် သံတိုသံစနဲ့ ဘီယာဘူးခွံ လိုက်ဝယ်နေသည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ဓားမြတိုက်ခံရပြီး ဓားထိုးမှုကြောင့် သေဆုံးခဲ့သည်။

ထို့အပြင် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း လက်ရှိ ကားဓါးပြတိုက်ခံရသည့်နေရာအနီး အသက် ၂၀ အရွယ် အမျိုးသားလူငယ်တစ်ဦးကို ဆိုင်ကယ် ၂ စီးဖြင့် လူ ၃ ဦးမှ ဖုန်း ဓားမြတိုက်ယူခဲ့သည့်အပြင် ၎င်း၏ ခန္ဓာကိုယ် ခေါင်း ၊ ခါး ၊ ပေါင် နဲ့ ချိုင်းအောက် ၄ နေရာတွင် ဓားဖြင့် ၇ ချက်ထိုးပြီး ဓားမြတိုက်ခဲ့ကြောင်း သိရသည်။

လတ်တလော မြစ်ကြီးနားမြို့ပေါ် သတ်ဖြတ်သေဆုံးခံရမှုများလည်း ရှိနေသလို၊ ပစ္စည်းလုယက် ဓားထိုးမှုများ နေရာတကာ ဖြစ်ပွားနေသောကြောင့် သတိထားစိုးရိမ်နေရကြောင်း လက်တွေ့ ဓားထိုးလုယက်မှု ခံရပြီး ပြန်လည်ကောင်းမွန်လာသူ အဆိုပါ လူငယ်က KNG သတင်းဌာနကို ယခုလို ပြောသည်။

“ကျနော်က အဲ့ညနေတုန်းက မိုးလည်းချူပ်လာပြီ။ နောင်ရာကွင်းမှာ ဘောလုံးကန်တာ သွားကြည့်တာ။ကျနော့ကို ဓားထိုးသွားတာလည်း ၃ ယောက်ပဲ။ တစ်ယောက်က အရှေ့ကနေစောင့်နေပြီး ကျန် ၂ ယောက်က အနောက်ကနေ ဓားနဲ့လာထိုးပြီး ဓားမြတိုက်တာ။ သူတို့မျက်နှာကို ကြည့်တောင် မကြည့်လိုက်နိုင်ခဲ့ဘူး။ အဲ့ဒီကောင်တွေက အခြားသူတွေ ဝင်မပါနိုင်အောင် ရန်ဖြစ်ပုံဟန်လုပ်ပြီး ပစ္စည်းလည်း ယူသွားတယ်။ လူကိုလည်း ဓားထိုးသွားတယ်။ ရဲတွေတောင် ရန်ဖြစ်တယ်ပဲ ပြန်ထင်တာပေါ့။” ဟု ပြောသည်။

ထိုသို့ မြို့တွင်း ပုံစံအမျိုးမျိုးဖြင့် ဓားထိုးပြီး လုယက်မှု၊ ဓားမြတိုက်မှုများသည် ဇန်နဝါရီလမှ ယခုမတ်လ အတွင်း ပိုမို မြင့်တက်လာသကဲ့သို့ လတ်တလော သတင်းမထွက်ပဲ ကြုံတွေ့ခဲ့ရသူများလည်း အမြောက်အများ ရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် သတိထားသွားလာဖို့ လက်တွေ့ကြုံတွေ့ခဲ့ရသူများမှ သတိပေးထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့ သာမက မြန်မာတနိုင်ငံလုံးအဆင့် မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်မှု ကျယ်ကျယ်ပြန့်ပြန့် ရှိလာသည့်အပြင် လုယက်မှု၊ သတ်ဖြတ်မှုများလည်း ပိုမိုများပြားလာနေပါသည်။

Show More

Related Articles

Back to top button