သတင်း

ကင်းလှည့် စစ်ကား မိုင်းခွဲခံရမှုတွင် စစ်ကောင်စီ ဒုရဲမှူးတစ်ဦး‌ သေဆုံးပြီး ၅ ဦးဒဏ်ရာရ၊ ပြည်သူ ၁ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ

ဗန်းမော်မြို့တွင်း ယနေ့ ပေါက်ကွဲမှု ၃ကြိမ်ဖြစ်ပွားခဲ့ရာ ရဲအရာရှိအပါအဝင် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ပြည်သူဘက်ကလည်း သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက် ခရိုင် ရဲစခန်း ဒုရဲမှူး ၁ ဦး သေဆုံးသည့်အပြင် ရဲတပ်သား ၅ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်ယဥ်တန်းကား အဖြတ်မှာ မိုင်းဆွဲတာ စစ်ကား ၂စီး ရဲကား Faw ကား တစ်စီး။ စုစုပေါင်း ၃ စီးကို မိုင်းဆွဲတာ ဒုရဲမှူး ၁ ယောက်သေတယ်။ ၅ ယောက်‌လောက်‌ ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ် ။ အဲမှာ စိတ်မကောင်းစရာက ပြည်သူ ၅ ယောက်လည်းထိတယ် တစ်ယောက်က ပွဲချင်းပြီးဆုံးတယ် ကျန် ၄ ယောက်တော့ ဆေးရုံတင်ထားရဆဲပါ” ဟု ဗန်းမော်မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက် မှ သေဆုံးသူသည် ဗန်းမော်ခရိုင်မှ ဒုရဲမှူးအဆင့်ရှိ ဦးအောင်မြတ်ဦးဆိုသူဖြစ်ပြီး နားထင်နား မိုင်းစထိမှန်ပြီး နေ့လည်၁နာရီဝန်းကျင်တွင်သေဆုံးကာ ကျန် ရဲတပ်သား ၄ ဦးသည်လည်း မိုင်စထိမှန်ကာ ဒဏ်ရာပြင်းထန်ကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ ဒေသခံပြည်သူ ဒဏ်ရာရှိခဲ့သည့် ၅ ဦးအနက် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်မှ အသက် ၄၅ နှစ်အရွယ် ဒေါ်ရေဟာနာ (ခ) ဒေါ်ဘောက်နူးဆိုသူသည် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ယနေ့နံနက် ၈နာရီဝန်းကျင် ဗန်းမော်မြို့တွင်း သံတဲ ဧည့်ရိပ်သာအနီး ပထမအကြိမ်ပေါက်ကွဲမှုတွင် လူထိခိုက်မှု မရှိသော်လည်း နံနက် ၁၀ နာရီ နာရီစင်အနီး ဒုတိယအကြိမ် မိုင်းပေါက်ကွဲရာ စစ်ကောင်စီတပ်ဘက်မှ ၃ဦး ထိခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် နံနက် ၁၁ နာရီဝန်းကျင် သူနာပြုကျောင်းရှေ့ ကင်းပတ်နေသည့် စစ်ကောင်စီ၏ ယာဉ်တန်း ထပ်မံ မိုင်းခွဲခံရချိန်တွင် စစ်ကောင်စီတပ်ဘက်မှ ဒုရဲမှူး ၁ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့ NUG အစိုးရမှ တစ်နိုင်ငံလုံး အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ဗန်းမော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှလည်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲအပြင်မထွက်ရန်နှင့် စစ်ကောင်စီ ယာဉ်တန်းများ၊ ရုံးအဆောက်အဦးများ၊ ကင်းစခန်းများနှင့် အနီးတစ်ဝိုက် သွားလာနေထိုင်ခြင်း လုံးဝ မပြုလုပ်ကြရန် ထုတ်ပြန်ချက်တစ်ချို့ ထုတ်ထားကြောင်း သိရသည်။

Show More

Related Articles

Back to top button