သတင်း

မော်ဟန်ကျေးရွာတွင် မီတာခ​ပေးဆောင်လျှင် မီးပြန်ပေးမည်ဟု စစ်ကောင်စီပြောဆို

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် လျှပ်စစ်မီတာခမပေးဆောင်သည့်အတွက် စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားပြီး မီတာခပေးဆောင်မည်ဆိုပါက လျှပ်စစ်မီးအချိန်ပြည့်ပြန်ပေးမည်ဟုပြောဆိုလာကြောင်းသိရသည်။

အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် မော်ဟန်ကျေးရွာတွင် အိမ်ခြေ ၆၀ခန့်ကသာမီတာခပေးဆောင်လျက်ရှိပြီး အများပိုင်းကမီတာခမပေးဆောင်သည့်အတွက် စစ်ကောင်စီက မတ် ၂၁ ရက်နေ့မှစတင်ကာ တစ်ရွာလုံးကို လျှပ်စစ်မီးဖြတ််တောက်ထားခြင်းဖြစ်သည်။

ယခုလို ပြည်သူများအနေဖြင့် မီတာခ ပုံမှန်ပြန်ပေးဆောင်ပါက ပုံမှန်အတိုင်းမီးပေးမည်ဟုပြောလာကြောင်း မော်ဟန်ကျေးရွာနေအမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

“မီးက လွန်ခဲ့တဲ့နှစ်ရက်လောက်ကနေပြန်ပြီးစပေးတယ်။ အချိန်ပြည့်တော့မဟုတ်ဘူး။ လာလိုက်မလာ လိုက်ပေါ့။ ည ရနာရီလောက်ကနေ မနက် လေးနာရီလောက်ထိလာတယ်။ ကျန်တဲ့ချိန်တော့ မလာဘူး။ ဒီနေ့ရွာသားတွေနဲ့လျှပ်စစ်တာဝန်ရှိသူတွေနဲ့ ရွာကမီးလင်းရေးကကော်မတီတွေနဲ့ တွေ့ဆုံတဲ့ခါ ပြောတာတော့မီတာခတွေပြန်ဆောင်ရင်မီးပုံမှန်ပြန်ပေးမယ်။ ရွာသားတွေရဲ့သဘောပဲအတင်းတော့ မဆောင်ခိုင်ဘူးလို့ပြောတယ်” ဟုပြောဆိုသည်။

မီတာကြေးပေးဆောင်မည်ဆိုပါက ပြီးခဲ့သော ၂၀၂၁ခုနှစ် စက်တင်ဘာလမှ ဖေဖော်ဝါရီလအထိအသုံးပြုထားသည့် မီတာခများကိုပါ ပြန်လည်ပေးဆောင်ရမည်ဖြစ်ပြီး ရွာသားများက မီတာခပေးဆောင်မည်ဟု သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

“ရွာကတော့အကုန်ဆောင်မယ်တဲ့မီးတာစာရွက်တွေပြန်ယူနေကြတယ်။ မီတာစာရွက်က ခြောက်လစာဆိုတော့ ခြောက်ရွက်ဟုတ်တယ်။ တစ်ခါတည်းမဆောင်နိုင်ရင် လည်းတစ်လဆောင်နိုင်ရင် တစ်လ နှစ်လဆောင်နိုင်ရင်နှစ်လ အတင်းကြီးတော့မဟုတ်ဘူး”ဟု မော်ကျေးရွာနေပြည်သူတစ်ဦးက ပြောသည်။

မော်ဟန်ကျေးရွာကို မိုးညှင်းမြို့နယ်ရှိ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးဖြန့်ဖြူးပေးလျက်ရှိပြီး ယခု လျှပ်စစ်မီးဖြတ်တောက်ရာတွင် ရက်အကန့်အသတ်မရှိဖြတ်တောက်ထားသောကြောင့် မော်ဟန်ကျေးရွာနေပြည်သူများ အနေဖြင့် မီတာခပေးဆောင်မှသာလျှင် လျှပ်စစ်မီးပြန်ပေးမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ မော်ဟန်ကျေးရွာတွင် အိမ်ခြေတစ်ထောင်ကျော်နှင့် လူဦးရေ ခြောက်သောင်းကျော်မှီတင်း နေထိုင်နေကြောင်းသိရသည်။

Show More

Related Articles

Back to top button