လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မုံးကိုး ဖောင်းဆိုင်ဒေသ ၁၀ နှစ်ကျော်အရွယ်အထိ စစ်သားစုဆောင်းခံနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး ဖောင်းဆိုင်ဒေသ ကိုးကန့် MNDAA ထိန်းချုပ်တဲ့ နေရာတွေမှာ လတ်တလောအသက် ၁၀ နှစ်ကျော် အရွယ်ကလေးတွေကိုပါ ကိုးကန့် MNDAA က စစ်သားစုဆောင်း နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

“ကိုးကန့် ထိန်းချုပ်တဲ့ ဘက်တော့ ၁၀ နှစ် အထက် စစ်သားစုဆောင်းနေတာတော့ မှန်တယ်။” လို့ ဒေသ ခံ တစ်ဦးက ပြောပါတယ်။

အခုလိုအခြေအနေမှာ ICRC ထံ အကြောင်းကြားမယ်ဆိုရင်လည်း မိဘတွေ ဝန်ခံ ဂတိလုပ်ရမယ်ဆိုတဲ့အချက်ကြောင့် လက်ရှိ MNDAA ထိန်းချုပ်မှု အောက်မှာရှိနေတဲ့ ဒေသခံတွေဟာ ခက်ခဲမှုရှိနေတယ်လို့ ဆိုပါတယ်။

စစ်သားစုဆောင်းမှုကို မလိုလားဘဲ ထွက်ပြေးရန် ပြင်ဆင်နေတဲ့မိသားစုဝင်တွေကိုလည်း ထွက်ခွာသွားခွင့် မပြုတဲ့အကြောင်း ဖောင်းဆိုင် ဒေသခံ တစ်ဦးက KNG ကို ပြောပါတယ်။

“ခုတော့ ထွက်လို့ မရဘူး။ စောင့်ထားတယ်။ ထွက်ပြေးရင် လယ်ယာ ခြံမြေ အကုန်သိမ်းပစ်မယ်။ ကြံခင်းလည်း သိမ်းပစ်မယ် လို့ ပြောတယ်။ အဲဒါကြောင့် ရှောင်တိမ်းလို့လည်းမရတော့ဘူး။” လို့ သူက ရှင်းပြပါတယ်။

မုံးကိုးမြို့နယ်ခွဲမှာ ကိုးကန့် MNDAA အပြင် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်ကလည်း စစ်သားစုဆောင်းတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်ထိ ဘန်စတိုင်း အပါအဝင် ဖောင်းဆိုင်ဘက်က တအာင်းတိုင်းရင်းသားအချို့လည်း မုံးကိုး မြို့ပေါ်ရှိ စစ်ရှောင်စခန်းတွေဘက် လူဦးရေ ၁ ရာကျော် ထပ်မံ ရောက်ရှိလာတယ်လို့ စစ်ရှောင်စခန်းကို ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

“ဖောင်းဆိုင် ဘန်စတိုင်းဘက်က တအာင်း ပလောင် တိုင်းရင်းသားတွေလည်း တပတ်ကို အယောက် ၂၀ ခန့် ပြန်ပြန်ရောက်လာကြတယ်။ အဲဒါကြောင့် စစ်ရှောင် လူဦးရေက ၈၀၀ ဝန်းကျင် တောင်ရှိပြီ။” လို့ သူက ရှင်းပြပါတယ်။

ဒေသခံပြည်သူတွေ အဓိက အားထား စိုက်ပျိုးထားတဲ့ ကြံတွေကို တရုတ်ဘက်က ကိုဗစ် အကြောင်းပြပြီး နယ်စပ် ဂိတ်ပိတ်ထားတာကြောင့် တင်ပို့လို့ မရပဲ စားဝတ်နေရေး ကြပ်‌တည်းနေရတဲ့ အပြင် အခုလို အတင်း အဓမ္မ စစ်သားစုဆောင်း ခံနေရတာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မုံးကိုးမြို့နယ်ခွဲမှာ ယခုနှစ်ဆန်းပိုင်းကစ တိုင်းရင်းသား လက်နက်ကိုင်အချို့ စစ်သားစုဆောင်းတာတွေ ခပ်စိပ်စိပ် လုပ်လာနေကြောင်း သိရပါတယ်။

Show More

Related Articles

Back to top button