သတင်း

နမ်ဆန်ယန် ကျေးရွာအပြင်ဘက် စစ်တပ် နောက်ဆုတ်သွားသော်လည်း ဒေသခံများ စိုးရိမ်နေဆဲ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်နယ်မြေဖြစ်သော ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ ကျေးရွာအပြင်ဘက် ၁ မိုင်ခန့်ဝေးသော နေရာသို့ တပ်ဆုတ်သွားသော်လည်း ဒေသခံများ စိုးရိမ်မှု ဆက်ရှိနေသေးသည်ဟု သိရသည်။

အင်အား ၂၀၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်များသည် ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်တွင် နမ်ဆန်ယန်ကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ညနေပိုင်း ၄ နာရီဝန်းကျင်ခန့် နမ်ဆန်ယန်ကျေးရွာ၏ တစ်ဖက်ကမ်းတွင် ရှိသော Lailum Bum စခန်းဘက်သို့ ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။

“ရွာထဲမှာတော့မရှိတော့ဘူး။ မနေ့ညနေပိုင်းအထိတော့ ရွာအတွင်းမှာ ဝင်ရောက်ပြီး ဘုရားကျောင်းတွေမှာ နေသွား တယ်။ သူတို့က ရွာရဲ့ အနီးမှာ ရှိသေးတယ်။ အပြီးပြန်သွားကြတာမဟုတ်။ ဟိုဘက်မှာရှိတဲ့ လေးလုံ စစ်တပ်စခန်းမှာ ရှိနေသေးတယ်။ သူတို့မနေ့ကလို ရွာထဲကို အမှတ်မထင်ဝင်လာတာမျိုးက ရွာသားတွေအတွက်ကတော့ စိုးရိမ်စရာ ဖြစ်စေတယ်။ ဘာလို့လဲဆိုတော့ အနီးမှာဘဲ KIA ရှိတယ်လေ။ KIA ဘက်ကလည်း နယ်မြေကျူးကျော်လာရင်တော့ ပစ်မှာဘဲ။ ဒါကြောင့် အခုထိလည်း စိုးရိမ်နေရတုန်းဘဲ” ဟု နမ်ဆန်ယန် ဒေသခံတစ်ဦးက KNG ကို ပြောဆိုသည်။

ယမန်နေ့ နမ်ဆန်ယန် ကျေးရွာအတွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာအနီးတစ်ဝိုက် စစ်ကောင်စီ တပ်စခန်း ၂နေရာတွင် စစ်ရိက္ခာသယ်ယူပို့ဆောင်ရေးအတွက် သွားလာနေသော စခန်းဖြစ်သည်ဟု သိရသည်။

“အခုတလော နမ်ဆန်ယန်ဘက်နဲ့ ဂန်ဒေါင်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တပ်စခန်းတွေမှာ သူတို့က စစ်ရိက္ခာသယ်ပို့ နေတာတွေပြုလုပ်နေတယ်။ အဲ့ဒီ စစ်ရိက္ခာသယ်ပို့တဲ့အဖွဲ့ကို လုံခြုံရေးယူပေးတဲ့အဖွဲ့ဖြစ်တယ်လို့သိရတယ်။ မနေ့ည နမ်ဆန်ယန်ရွာထဲမှာ ဝင်လာတဲ့အဖွဲ့ ဒီအဖွဲ့က ဒေါ့ဖုန်းယန် တပ်မ ၈၈ ထဲက ခလရ ၈၃ နဲ့ ခလရ ၁၃ အဖွဲ့ဖြစ်တယ်။ သူတို့ပြောတာက ရိက္ခာတွေ တင်ပို့ပြီးရင်တော့ ပြန်ခေါက်သွားမယ်သိရတယ်” ဟု နမ်ဆန်ယန် ဒေသခံတစ်ဦး KNG ကို ပြောဆိုသည်။

နမ်ဆန်ယန်ကျေးရွာအရှေ့ဘက် ချောင်းတစ်ဖက်ခြမ်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှိပြီး စစ်တပ်ဘက်က ထပ်မံ တိုးချဲ့ဝင်ရောက်လာပါက တိုက်ပွဲဖြစ်ပွားလာနိုင်သောကြောင့် ဒေသခံများ စိုးရိမ်နေခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၂ ရက်နေ့တွင် ဗန်းမော်ကားလမ်းအတိုင်း ဒေါ့ဖုန်းယန်ဘက်မှ စစ်ကား ၈၀ ၊ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့် ဖြင့် ခယာဘွမ်နှင့် နမ်ဆန်ယန်ကျေးရွာသို့ တိုးချဲ့လာသော စစ်ကြောင်းဖြစ်သည်။

စစ်ကောင်စီတပ်များသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်အနီးတစ်ဝိုက်သို့ စစ်ရိက္ခာနှင့် လူအင်အား တိုးချဲ့မှုများ တဖြည်းဖြည်းလုပ်ဆောင်လာနေသည်ကို တွေ့မြင်နေရသောကြောင့် ထိုးစစ်ဆင်မည့်အရိပ်အယောင် တွေ့နေရသည်ဟု ဒေသခံများ သုံးသပ်ပြောဆိုနေကြပါသည်။

လက်ရှိ စစ်ရေးတင်းမာနေသော နမ်ဆန်ယန်ကျေးရွာသည် KIO ဌာနချုပ် လိုင်ဇာမြို့အနီးတွင်တည်ရှိပြီး၂၀၁၁ ခုနှစ် ကချင်ဒေသတစ်ကျော့ပြန်တိုက်ပွဲအတွင်း ထွက်ပြေးခဲ့ရသော ကျေးရွာဖြစ််ကာ ၂၀၁၉ ခုနှစ် နှစ်ဆန်းတွင် စစ်ကောင်စီ (တပ်မတော်) ဦးဆောင်ပြီး နေရပ်ပြန်ပို့ထားသော နေရပ်ပြန် ကျေးရွာတစ်ခု ဖြစ်ပါသည်။

Show More

Related Articles

Back to top button