သတင်း

ဖားကန့်မြို့နယ် အင်တာနက်ဖြတ်တောက်မှုကြောင့် ပညာရေး နောက်ကျမှု များစွာရှိနေ

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်မှ အင်တာနက်ဖြတ်တောက်ထားမှုကြောင့် လူငယ်များ၏ ပညာရေးလေ့လာသင်ကြားမှုတွင် ထိခိုက်မှုများစွာ ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်လမှ စတင်ကာ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီမှ အင်တာနက်ဖြတ်တောက်ထားသည်မှာ ယခုလ ဧပြီလ ၁ ရက်နေ့တွင် ရက်ပေါင်း ၂၂၄ ရှိလာပြီ ဖြစ်သည်။

စစ်တပ်ပိုင် Mytel အင်တာနက်လိုင်းတချို့ကိုဧပြီလ ၄ ရက်နေ့မှစတင်ကာ အချိန်အကန့်အသတ်ဖြင့် ဖွင့်ပေးနေသော်လည်း လူငယ်များ၏ ပညာရေးအတွက် အထောက်အကူမပြုဘဲ နှစ်နာမှု ဆက်လက်ရှိနေသည်ဟု ဖားကန့်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

“မိုင်တလ်အင်တာနက်ရတယ် ၂ နှစ်နာခွဲမှာ တစ်ခါရတယ် အသုံးပြုလို့ရတဲ့အချိန်ကတော့ ၂ ခွဲကြာပေးထားတာပေါ့။ ဒါပေမယ့် ဂွေခါ၊ ကံဆီး၊ မှော်ဝမ်းကလေးနဲ့ လယ်ပြင်အထွက်ဂိတ်ဘက်မှာပဲရတယ်။ အင်တာနက်သုံးဖို့က အရမ်းကြိုးစားပြီး စိတ်ရှည်ရတယ်” ဟု ပြောသည်။

မြန်မာပြည်တွင် ကိုဗစ်-၁၉ ဖြစ်ပွားပြီးနောက်ပိုင်း ပညာရေး လေ့လာသင်ကြားမှု အများစုမှာ အင်တာနက်ရရှိမှ လေ့လာနိုင်မည့် စနစ်သို့ ပြောင်းလဲသွားသောကြောင့် ဖားကန့်မြို့နယ်တွင် ယခုလို စစ်ကောင်စီမှ ကာလကြာ အင်တာနက်ဖြတ်တောက်မှုသည် ကလေးများ ပညာသင်ကြားပိုင်ခွင့်ကို ချိုးဖောက်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

“အင်တာနက်ခေတ်မို့လို့ လိုင်းမရရင် ဘာမှသင်ကြားလို့မရဘူး။ ခေတ်လဲအရမ်းနောက်ကျလာတယ်။ အခုကအပြင်တွေလဲထွက်လို့အဆင်မပြေတဲ့အချိန်မို့ အင်တာနက်လိုင်းမရရင် ဘာမှလဲမသိတော့ဘူး။ ဘာမှလဲလုပ်လို့မရဘူး” ဟု ဖားကန့်မြိုနယ် ဝါရာဇွပ်ကျေးရွာမှ ပြည်သူတစ်ဦးက ပြောပါသည်။

ဖားကန့်မြို့နယ်မှာ အင်တာနက်ဖြတ်တောက်ခံရပြီးနောက် သတင်းစီးဆင်းမှုနှောင့်နှေးခြင်းနောက်ဆက်တွဲအဖြစ် ကလေးငယ်များ၏ ပညာရေးတွင် အမြင်ကျယ်မှု၊ တွေးတောဆင်ခြင်နိုင်မှု၊ တိုးတက်မှုပိုင်းများတွင်လည်း ထိခိုက်စေသည်ဟု သူက ဆက်လက်ပြောဆိုသည်။

“တခြားကလေးတွေလို သင်ကြားတတ်မြောက်မှုအပိုင်းမှာ နောက်ကျကျန်နေခဲ့တယ်၊ အသက်ပဲကြီးလာပြီး ပညာကမတိုးတက်လာဘူး ကျန်နေခဲ့တယ်။ မြို့က ကလေးတွေနဲ့ တောက ကလေးတွေရဲ့ အမြင်တွေကအရမ်းကို ကွာခြားသွားခဲ့ပြီ။ ဥပမာပေးရမယ်ဆိုရင်တော့ ပညာရေးနဲ့ပတ်သက်ပြီး သင်ရိုးညွန်းတွေပြောင်းလဲမယ်ဆိုတဲ့ အချိန်လဲ ဘာသတင်းမှ မရတဲ့အတွက်ကြောင့် ကလေးတွေက ငုတ်တုတ်နေခဲ့ရတယ်”

အင်တာနက်ပိတ်ထားသော ကာလတွင် ငွေကြေးတတ်နိုင်သူများအနေဖြင့် သိန်း ၃၀ ၊ ၄၀ ပေးဆောင်ကာ တပ်ဆင်အသုံးပြုမှုရှိသော်လည်း အများစုမှာ မတတ်နိုင်သောကြောင့် စစ်တပ်အနေဖြင့် အင်တာနက်လိုင်းများ အမြန်ဖွင့်ပေးရန် လိုအပ်သည်ဟု တောင်းဆိုနေကြသည်။

ဖားကန့်မြို့နယ်သည် ကချင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှု ပထမဆုံးနှင့် အချိန်အကြာဆုံး ခံနေရသောမြို့ တစ်မြို့ဖြစ်ပါသည်။

Show More

Related Articles

Back to top button