တိုက်ပွဲသတင်း

စစ်ကောင်စီတပ်၏ ရိက္ခာတင်စက်လှေ ၂စီးပစ်ခတ်ခံရပြီး ၂ စီးစလုံး နစ်မြုပ်

ရွှေကူမြို့နယ်၊ အုပ်ချီရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်၏ ရိက္ခာတင် စက်လှေ ၂ စီးအားတိုက်ခိုက်ခံရပြီးနောက် အဆိုပါ စက်လှေ ၂ စီးလုံး နှစ်မြုပ်သွားကြောင်း မြို့လှ PDF တပ်ဖွဲ့မှ သိရသည်။

ယနေ့ နေ့လည် ၁၁ နာရီဝန်းကျင် စစ်ကောင်စီတပ်၏ ရိက္ခာတင်စက်လှေ ၂ စီးသည် အုပ်ချီရွာမှ ကောက်ကွေ့ချောင်းအတိုင်း မြို့လှရွာဖက်သို့ ထွက်ခွာစဥ် ချောင်းတစ်နေရာတွင် မြို့လှ PDF မှ တိုက်ခိုက်ခဲ့သောကြောင့် စက်လှေ ၂ စီးလုံး ထိုနေရာတွင် နှစ်မြုပ်သွားခဲ့‌ကြောင်း သိရသည်။

“ကျနော်တို့တပ်က နေပြီး လက်လုပ်‌ရှေ့ထွက်မိုင်းပြောင်းအကြီးကြီးနဲ့ဟာ ၅လုံးနဲ့ ရေမြုပ်မိုင်းနဲ့ပစ်ထည့်လိုက်တာ စက်လှေနှစ်စီးလုံးက ပက်လက်အနေအထားကနေ မှောက်ပြီး မြုပ်သွားတယ် ဒါကျနော်တို့တပ်ဖွဲ့တွေ မျက်မြင်ကိုယ်တွေ့ပါ” ဟု မြို့လှ PDF တပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းပစ်ခတ်ခံရသည့် စက်လှေတစ်စီး စီတွင် စစ်အင်အား ၈ ဦးခန့် ပါဝင်ကာ ဆန်အဓိက သယ်ယူ ပို့ဆောင်နေသည့် စက်လှေဖြစ်ကြောင်း သိရသည်။ စက်လှေ နစ်မြုပ်သွားသည့်အတွက် စစ်ကောင်စီတပ်သားများလည်း ထိခိုက်သေဆုံးမူရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ဧပြီလ ၇ရက်နေ့ထိ တစ်ပတ်အတွင်း စစ်ကောင်စီတပ်၏ ရိက္ခာတင် စက်လှေပစ်ခံရသည်မှာ သုံးကြိမ်တိုင်တိုင်ရှိပြီဖြစ်ရာ ယနေ့ပစ်ခတ်ခံရမူတွင် စစ်ကောင်စီဘက်မှ ပိုမိုအထိနာနိုင်ကြောင်း သိရသည်။

” အုပ်ချီက နေဆိုရင် လက်နက်ကြီးနဲ့က အကုန်လုံးလက်တစ်ကမ်းမှီတယ်လေ အဲတော့သူတို့က လုံခြုံရေးသီးသန့်ချစရာမလိုဘူးလို့ တွက်လိုက်ပုံရတယ် စက်လှေမထွက်ခင်တော့ အဲနားတစ်လျှောက်မှာ လက်နက်ကြီးနဲ့ပစ်တာတော့ လုပ်သေးတယ် ဒါပေမယ့် ကျနော်တို့ဘက်က အသာရလိုက်တဲ့သဘောပါ” လို့ မြို့လှ PDF တပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။

ကသာ အထက်ပိုင်းတွင် ဧပြီလ ၁ ရက်နေ့ စက်လှေ ၆စီးပစ်ခံခဲ့ရပြီး၊ ဧပြီလ ၃ရက်နေ့ ၄စီးထပ်မံပစ်ခံရကာ ဧပြီလ ၇ရက်နေ့ ၂စီး ပစ်ခံခဲ့ရသည်။

ထို့ပြင် ၂၀၂၂ ခုနှစ်အတွင်း ကသာ၊ ရွှေကူ၊ ဗန်းမော် မြစ်ကြောင်းတစ်လျှောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲပေါင်း ၃၀ ကြိမ်ထက် မနည်းရှိပြီ ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button