သတင်း

ပင်လည်ဘူးတွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် နေအိမ်များ မီးလောင်

စစ်ကိုင်းတိုင်း ကသာခရိုင်၊ ပင်လည်ဘူးမြို့တွင် စစ်ကောင်စီက ယနေ့ နံနက်ပိုင်း ဂျက်လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ် ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရသည်။

ဧပြီ ၈ ရက်နေ့ ယနေ့ နံနက် ၄ နာရီဝန်းကျင်ခန့်မှ စတင်ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်အချို့ မီးလောင်ကာ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

”ထိခိုက်ပျက်စီးမှုကတော့ အတိအကျမသိရသေးဘူး။ ဒီမနက်ပိုင်းထိကတော့ ဗုံးကျဲချတာ နှစ်လုံးရှိသွားပြီ။ တစ်လုံးက ကျောက်တောင်းကုန်းမှာကျတယ်။ တစ်လုံးက ပင်လည်ဘူးမြို့ထဲမှာကျတယ်။ မြို့ထဲဘက်က မီးခိုးတွေလည်း တွေ့ရတယ်ဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မြို့ထဲကျသည့် ဗုံးတစ်လုံးကြောင့် ယနေ့ နံနက်ပိုင်းအထိ လူနေအိမ် ၃ လုံးမီး လောင်ခဲ့ကြောင်း သူကဆက်ပြောသည်။

ပင်လည်ဘူးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တို့ကြားလွန်ခဲ့သည့် ၃ ရက်ခန့်မှစတင်ပြီး ယနေ့ထိ တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်ကောင်စီဘက်က အထိနာနေသောကြောင့် ယခုလို ဂျက်လေယာဉ်ဖြင့် ဗုံးကျဲချနေခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းမြို့နယ်အချို့တွင် စစ်ကောင်စီတပ်မှ ပြီးခဲ့သည့်နှစ် အင်တာနက်ဖြတ်တောက်ခဲ့ရာမှ ပင်လည်မြို့နယ်ကိုလည်း စက်တင်ဘာလ ၂၄ ရက်နေ့မှစကာ အင်တာနက်လိုင်းဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ယခုကဲ့သို့ စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲသည့်တိုင်အောင် ထိခိုက်ပျက်စီးမှုများစွာ ရှိနေသော်လည်း အသေးစိတ်အချက်လက် သိရှိရန် ခက်ခဲနေ‌ဆဲဖြစ်ပါသည်။

Show More

Related Articles

Back to top button