အရာတော်မြို့နယ် လူနေအိမ် ၆၇ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၊ အမျိုးသားတစ်ဦး သေဆုံး
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ ရှောက်ခါးကျေးရွာရှိ လူနေအိမ် ၆၀ ကျော်ကို စစ်ကောင်စီတပ်က ယနေ့ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားတစ်ဦးလည်း လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ကြောင်း အရာတော် ပြည်သူ့ကာကွယ်ရေးတပ်မှ သိရသည်။
ယနေ့ ဧပြီ ၈ ရက်နေ့ နံနက်ပိုင်း အင်အားအများအပြားပါဝင်သည့် စစ်ကောင်စီတပ်သားများ ရှောက်ခါး ကျေးရွာအတွင်းသို့ သေနတ်ပစ်ကာ ဝင်ရောက်လာပြီးနောက် လူနေအိမ် ၆၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားတစ်ဦးလည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
”နေအိမ်ကတော့ ၆၇ လုံးပါတယ်။ ပျက်ဆီးဆုံးရှုံးမှု စာရင်းအတိအကျကတော့ ကောက်ယူနေဆဲပဲ မီးကတော့ အခုညပိုင်းတော့ ငြိမ်းသွားပြီ ရွာသားတွေအားလုံးထွက်ပြေးခဲ့ကြပေမယ့် တချို့ပြန်လာပြီ တချို့ကတော့တိန်းရှောင်နေကြဆဲပဲ”ဟု ၎င်းကပြောသည်။
လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သည့် အမျိုးသားမှာ အသက် ၂၅ နှစ်အရွယ် ကိုရွှေသင်းဆိုသူဖြစ်သည်။
စစ်ကောင်စီတပ်သားများက နေအိမ်မီးရှို့သည့်အပြင် ကျေးရွာနေပြည်သူများ၏ ကောက်ပဲသီးနှံများ၊ စပါးများ၊ လယ်ထွန်စက်၊ မီးစက် ရေစုတ်စက်များကိုလည်း ဖျက်ဆီးပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ကျေးရွာမှပြည်သူအချို့ကိုလည်း လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ကြောင်း သိရသည်။
“ရွာကို မီးမရှို့ခင်တော့ ဒေသခံတစ်ချို့ကို ဖမ်းသွားတယ် လူသားဒိုင်းသဘောပေါ့ ပြီးမှရွာကိုမီးရှို့ ပြီးတဲ့နောက်မှ ပြန်လွတ်ပေးခဲ့တယ်” ဟု ဒေသခံနှင့် နီးစပ်သူတစ်ဦးကပြောသည်။
လွန်ခဲ့သည့် မတ်လ ၂၉ ရက်နေ့ကလည်း အရာတော်မြို့နယ်ရှိ လူနေအိမ် ၃ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး လေဖြတ်နေသည့်အဖိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့သည်။
Data For Myanmar ၏ ဖော်ပြချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့ထိ တစ်လတာအတွင်း စစ်ကောင်စီတပ်သည် တစ်နိုင်ငံလုံးရှိ နေအိမ်ပေါင်း ၇၉၇၃ အိမ်မီးရှို့ဖျက်ဆီးခဲ့သည့်အနက် စစ်ကိုင်းတိုင်းတွင် ၄၉၅၄ အိမ် ပါဝင်ကြောင်း သိရသည်။