တိုက်ပွဲသတင်း

မဂျီဂုန် (Maji Gung) ဘက်သို့ စစ်အင်အားပို့ဆောင်သော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

ဗန်းမော်ခရိုင် မံစီမြို့နယ် (Man Je) မှ မဂျီဂုန် (Maji Gung) တောင် စစ်တပ်စခန်းသို့ စစ်အင်အားပို့ဆောင်နေသော စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယခုလဆန်းပိုင်းကစတင်ပြီး တိုက်ပွဲ ၄ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခုအပတ် ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်း ၈ နာရီ ဝန်းကျင်ခန့်တွင် ဗန်းမော်(Man Maw) ဘက်မှ မဂျီဂုန် (Maji Gung) ဘက်သို့ စစ်ရိက္ခာသယ်ဆောင်လာသော စစ်ကား ၂ စီးကို KIA က မိုင်းခေါင် နှင့် လိုင်ကာဇွပ်ဂျာ ကျေးရွာ ၂ ခု ကြားတွင် ကြားဖြတ် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု မိုင်းခေါင် (Mung Hkawng) ဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုထားသည်။

“မိုင်းခေါင်ရွာအထက်မှာ စစ်တပ်ကို KIA ကမိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်တပ်ရိက္ခာသယ်လာတဲ့ ကား၂စီး ထိသွားတယ်လို့တော့ ကြားတယ်။ KIA ဘက်ကတော့ ကြားဖြတ်မိုင်းခွဲခဲ့ရုံပဲ၊ စစ်တပ်ဘက်ကတော့ ပုံမှန်အတိုင်း ပြန်ပြီး ပစ်ခတ်နေတာတွေရှိတယ်။ ပြီးရင် မိုင်းခွဲသံကြားရင်က ဒီမိုင်းခေါင်စစ်ရှောင်စခန်းနားမှာရှိတဲ့ စစ်တပ်က ပြန်ပစ်ကူနေတာပေါ့။ သူတို့က အရင်တခါလည်း မဂျီဂုန်ဘက် မကြာခဏ စစ်အင်အားပို့ စစ်ကြောင်းထိုးပေမဲ့ မဖြစ်နိုင်တော့ အခုတစ်ခါပြန်ပြီး စစ်အင်အားတွေ ပြန်ဖြည့်တင်းပြီး ပြန်ထိုးတက်နေတာဖြစ်တယ်” မိုင်ခေါင်ဒေခံတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

ထို့နောက် ဧပြီ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်ဝန်းကျင်ခန့်တွင်လည်း လိုင်ကာဇွပ်ဂျာကျေးရွာအနီးမှာပင် စစ်ကောင်စီ တပ်မ ၈၈၊ စကခ ၁၅ နှင့် ခလရ ၁၂၁ ပူးပေါင်းတပ် စစ်အင်အား ၂၀၀ ခန့်သည် မိုင်းခေါင် မှ ကား ၄ စီးဖြင့် တက်လာစဉ် KIA မှ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်း ဒေသခံများ ပြောဆိုသော်လည်း မြေပြင်အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။

မိုင်းခေါင်အနီး တိုက်ပွဲဖြစ်ပွားမှုတွင် မိုင်းခေါင် စစ်ရှောင်စခန်းအနီးတွင်ရှိသော စစ်တပ်မှ တိုက်ပွဲဖြစ်ပွားသည့်ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် စိုးရိမ်မှုများရှိခဲ့ကြောင်း မိုင်းခေါင်စစ်ရှောင်တစ်ဦးက ယခုလို ပြောဆိုထားသည်။

“လက်နက်ကြီးသံတွေကြားတော့ ကျနော်တို့အရမ်းထိတ်လန့်တယ်။ သေနတ်သံမည်တာနဲ့ ဒီကျနော်တို့ စစ်ရှောင်စခန်းနဲ့ ကပ်ယက် စစ်တပ်က သူတို့စခန်းရှေ့ကနေမှ ဟိုဘက် လိုက်ပစ်ကူနေတာ။ လက်နက်ကြီးတွေနဲ့ ပစ်နေတော့ ကျနော်တို့ စစ်ရှောင်တွေက အရမ်းထိတ်လန့် ကြောက်ပြီး နေနေကြတာ။ ကလေးတွေနဲ့ မိခင်တွေတောင် ကစဉ့်ကလျားဖြစ်သွားကြတာ။ ကျနော်တို့စစ်ရှောင်စခန်းက လူကလည်းများ၊ နေရာကကျဉ်း၊ အားလုံးစုပြုံနေကြတော့ အားလုံးကစိုးရိမ်ပြီးပဲ နေနေကြတယ်။” ဟု ပြောဆိုသည်။

မံစီ (Man Je) မြို့နယ် မဂျီဂုန်(Maji Gung) စစ်တပ်ဗျူဟာကုန်းသို့ ထောက်ပို့သွားလာနေသော စစ်ကောင်စီတပ်များကို မိုင်းခေါင်း နှင့် မဂျီဂုန်ကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၂၇ မှ ကြားဖြတ်တိုက်ခိုက်မှုများရှိနေကြောင်း KIO သတင်းပြန်ကြားရေးစာမျက်နှာတွင်လည်း ဖော်ပြထားသည်ကို တွေ့ရပါသည်။

အဆိုပါ စစ်ကားများသည် ဗန်းမော်ဘက်မှ ထွက်ခွာလာသော စစ်ကြောင်းဖြစ်ပြီး ဗန်းမော်အတွက် စစ်ကူများကို ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေး ကသာ ရွှေကူ အတိုင်း သင်္ဘောဖြင့် စစ်ကောင်စီတပ်များ ပို့ဆောင်နေသည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီ၏ ရိက္ခာတင် သင်္ဘောများကို ကသာနှင့် ရွှေကူတစ်လျောက်တွင် KIA နှင့် PDF များ ပူးပေါင်း တိုက်ခိုက်မှုများ ပုံမှန်ရှိနေကြောင်း သိရသည်။

 

Show More

Related Articles

Back to top button