သတင်း

စစ်ကောင်စီတားမြစ်ချက်ထုတ်ထားသော်လည်း ကျောက်စိမ်း တူးဖော်မှု ဆက်ရှိနေဆဲ

ဖားကန့် ဒေသတွင် စစ်ကောင်စီဘက်မှ ကျောက်စိမ်း ဆက်လက်တူးဖော်ခွင့်မပြုကြောင်း ထုတ်ပြန်ချက် အကြိမ်ကြိမ်ဖြင့် တားမြစ်နေသော်လည်း လက်တွေ့ မြေပြင်တွင် တူးဖော်မှုများ ဆက်တိုက်ရှိနေကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

နိုင်ငံပိုင် ကျောက်မျက်ရတနာများကို သားစဉ်မြေးဆက် တူးဖော်နိုင်ရန် ဖားကန့်၊ မော်လူး၊ မော်ဟန် စသည့် ရတနာနယ်မြေများမှ ကျောက်စိမ်းရိုင်းတူးဖော်မှုကို ဆက်လက်တူးဖော်ခွင့်မပြုတော့ကြောင်း စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်သည် စစ်ကောင်စီ၏ သဘောတရားအရ ထုတ်ပြန်ချက်သာဖြစ်ပြီး လက်တွေ့ စက်ယန္တရားကြီးများဖြင့် တူးဖော်မှုများ ရှိနေသည်ဟု ဖားကန့်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထား သည်။

“သဘောတရားအရတော့ သူတို့ထုတ်ပြန်တာပဲ။ ဒါပေမဲ့ လက်တွေ့မှာ တူးနေကြတာပဲ။ အသေးစိတ်မသိရဘူး။ သူတို့လုပ်နေတာပဲတွေ့ရတယ်။သိရဖို့လည်း မလွယ်ဘူး။ လုပ်နေတယ်ဆိုတာကတော့ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ နေ့ရော ညရော လုပ်နေကြတယ်။ တချို့နားလိုက်တဲ့သူတွေကတော့ တရားဝင်အစိုးရ ရှိမှ ဆက်လုပ်မယ်ဆိုတဲ့ ကုမ္မဏီဆိုဒ်ကြီးတွေလည်းရှိတယ်။ အခုချိန်မှာတူးနေကြတဲ့သူတွေကတော့ နှစ်ဖက် ဟိုဘက်ဒီဘက် ရင်းနှီးတဲ့သူတွေ အဲ့လိုပုံစံနဲ့ ကပ်ပြီးလုပ်နေကြတာ” ဟု ပြောဆိုသည်။

ဖားကန့် ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ ဖားကန့်တွင် ယခင်အတိုင်း ကျောက်စိမ်း တူးဖော်မှု အများအပြားရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဖားကန့်တွင် ကျောက်စိမ်းတူးဖော်သူများသည် လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေကြေးပေးဆောင်နေရ သောကြောင့် စစ်တပ်ဘက်မှလည်း ကျောက်စိမ်းတူးဖော်မှုမှ ဝင်ငွေရရှိနေကြောင်း KNG သတင်းဌာနမှ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ဖားကန့်ဒေသတွင် မိုးရာသီအချိန်မှလွဲပြီး အခြားရာသီများတွင် စက်ယန္တရားကြီးများနှင့် တူးဖော်မှုဆက်ရှိနေသည်ဟု သိရသည်။

စစ်ကောင်စီမှ ဖားကန့်ဒေသတွင် အင်တာနက်ပိတ်ထားသောကြောင့် ဒေသတွင်းအဖြစ်အပျက်များကို ထုတ်ဖော်ရန် ခက်ခဲမှုရှိနေကြောင်း ဒေသခံများ ပြောဆိုနေကြပါသည်။

Show More

Related Articles

Back to top button