သတင်း

စစ်ကောင်စီအောက် တက္ကသိုလ်ဝင်တန်း ရလဒ်ကို ကချင်ဒေသအဆင့်မြင့် ပညာရေးအဖွဲ့များ လက်မခံ

အာဏာသိမ်း စစ်ကောင်စီအောက် တက္ကသိုလ်ဝင်တန်း စာမေးပွဲရလဒ်ဖြင့် ကချင်ဒေသတွင်း အဆင့်မြင့်ပညာအဖွဲ့အစည်းများတွင် တက်ရောက်ခွင့် လုံးဝ လက်မခံကြောင်း စစ်ကောင်စီကို ဆန့်ကျင်သော ကချင်ဒေသ တက္ကသိုလ်နှင့် ကောလိပ်ကျောင်း စုပေါင်းထုတ်ပြန်ထားကြောင်း သိရသည်။

လက်ရှိ စစ်ကောင်စီအောက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုနှင့် ပတ်သက်ပြီး ဧပြီ ၅ ရက်နေ့ ကချင်ဒေသမှ NUG အစိုးရအောက် တက္ကသိုလ်နှင့် ကောလိပ်ကျောင်းအားလုံး စုပေါင်းပြီး ယခုလို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ပြည်နယ်အတွင်းမှာရှိတဲ့ တက္ကသိုလ်ကျောင်းတွေအားလုံးက လက်မခံဘူး။ ဒီကျောင်းအားလုံးက မဝေးတော့တဲ့အနာဂတ်မှာ တစ်ခုတည်းသော တက္ကသိုလ်ကြီးရဲ့ အစိတ်အပိုင်းတွေ ဖြစ်သွားတော့မှာ။ ကချင်ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုတဲ့ တက္ကသိုလ်ကြီးမှာ လုံးဝလက်မခံဘူး။ အခုကျနော်တို့ ပြောတဲ့ထဲမှာ အောက်ပိုင်းကသူတွေမပါဘူး။ ကချင်ပြည်နယ်ထဲကလူတွေပဲပြောတာ။ကချင်ပြည်နယ်ထဲမှာ စစ်ကောင်စီကျင်းပခဲ့တဲ့ စာမေးပွဲဖြေနေတဲ့ ကျောင်းသားများ သိထားဖို့က အဲ့ဒီရလဒ်နဲ့တော့ ကချင်ပြည်နယ်မှာ ဘယ်ကျောင်းကိုမှ တိုးလို့မရဘူးဆိုတာကိုသိထားစေချင်တယ်” NUG အစိုးရ ကြားကာလ မြစ်ကြီးနားတက္ကသိုလ်ကောင်စီ မှ တာဝန်ရှိသူ ဒေါက်တာ အောင်ကိုကိုလင်း က ပြောသည်။

လက်ရှိနိုင်ငံရေး အခြေအနေကြား ပြည်သူများအနေဖြင့် မည်သည့်အကြောင်းကြောင့်ဖြစ်စေ အာဏာသိမ်းစစ်တပ်အောက် တက္ကသိုလ်ဝင်တန်းဖြေဆိုလာသူများကို ကချင်ဒေသတက္ကသိုလ်ကျောင်းမှ အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် လုံး၀ လက်ခံမည်မဟုတ်ကြောင်း ဆက်လက်ပြောဆိုသည်။

“ဆယ်တန်းစာမေးပွဲဆိုတာ အဆင့်များစွာရှိတယ်။ မေးခွန်းထုတ်တာကအစ၊ ကိုယ်ကျင့်တရားကောင်းရမယ်၊ ကျွမ်းကျင်ရမယ်။ အတွေ့အကြုံရင့်ကျက်ရမယ်။အဲ့ဒီလူတွေအားလုံးနီးပါး CDM လုပ်ထားတဲ့အချိန်မှာ ဘယ်သူတွေနဲ့လုပ်မလဲ ကျနော်တို့လုံးဝ မယုံကြည်နိုင်ဘူး။ အရည်အသွေးပိုင်းကို လုံးဝလက်ခံယုံကြည်လို့မရလို့ ခက်မခံတာ။ စစ်ကောင်စီလုပ်လို့ ဆိုတာက ဒုတိယ၊ ဘာဖြစ်လို့ လက်မခံံလဲဆိုတော့ ၃ ချက်ရှိတယ်။ ပထမ တရားမဝင်အစိုးရမလို့ လက်မခံဘူး။ နောက်တစ်ခု အရည်အသွေးပိုင်း လုံးဝမယုံကြည်ဘူး။ လက်ကိုမခံဘူး အဲ့အရည်အသွေးက၊ နောက်ဆုံး ကျင့်ဝတ်ပိုင်းအရ မိဘတွေကို ဒီလိုမျိုးမလုပ်သင့်ဘူးဆိုတာ နောင်တရစေချင်တယ်။ ဒီသုံးချက်ကြောင့် လက်မခံဘူး”ဟုပြောပါတယ်။

ကချင်ပြည်နယ်တွင် စစ်ကောင်စီမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြီးခဲ့သည့်အပတ်ကစတင်ပြီး ပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူ လူဦးရေ ၁ သောင်းကျော်ရှိခဲ့ကြောင်း လက်ရှိ စစ်ကောင်စီအောက် ပညာရေးဌာနမှ သိရသည်။

ထိုပမာဏမှာ လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ကျောင်းသား ၃ သောင်းပမာဏ၏ ၄ ပုံ ၁ ပုံရှိကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် ပါဝင်သော တက္ကသိုလ်ကျောင်းများမှာ မြစ်ကြီးနား တက္ကသိုလ်ကောင်စီ၊ မြစ်ကြီးနား နည်းပညာတက္ကသိုလ်၊ ကြားကာလ မြစ်ကြီးနား ကွန်ပျူတာတက္ကသိုလ်ကောင်စီ၊ မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်၊ ကချင်ပြည်နယ် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ မြစ်ကြီးနား စိုက်ပျိုးရေးသိပ္ပံသင်တန်းကျောင်း၊ ဗန်းမော်တက္ကသိုလ်ကောင်စီ၊ ကြားကာလ ဗန်းမော်နည်းပညာတက္ကသိုလ်၊ ဗန်းမော်ကွန်ပျူတာတက္ကသိုလ် နှင့် မိုးညှင်းတက္ကသိုလ်ကောင်စီ တို့ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ရှိ တက္ကသိုလ်၊ ကောလိပ်နှင့်သင်တန်းကျောင်းရှိ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများမှာ စစ်ကောင်စီကို အာဏာဖီဆန်သော ပြည်သူ့လှုပ်ရှားမှု CDM တွင် ပါဝင်လာပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနအောက် ကချင်ဒေသ ပညာရေးအစီစဉ်တွင် ပါဝင်လာကြသည်။

Show More

Related Articles

Back to top button