သတင်း

ချောင်းဝ ရွာ တံတားအနီး ကင်းစောင့်နေသည့် စစ်ကောင်စီကင်းတဲ တိုက်ခိုက်ခံရ

ကသာနယ် ချောင်းဝရွာ တံတားအနီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ်၏ ကင်းတဲကို မြို့လှ PDF တပ်မှ ယမန်နေ့ည ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၁ ရက် ည ၁၂ နာရီဝန်းကျင်ခန့်တွင် တံတားအနီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ကင်းစခန်းအား H-22 လက်လုပ်ရှေ့ထွက်မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိနိုင်ကြောင်း မြို့လှ PDF တာဝန်ရှိသူတစ်ဦး ပြောသည်။

“ကင်းတဲအထဲကိုထိထိမိမိ ပစ်ထည့်လိုက်နိုင်တာ သူတို့ဘက်က ပြန်ပစ်ဖို့နေနေသာသာ အသံတောင်ထွက်မလာတော့ဘူး” ဟု မြို့လှ PDF တပ်မှ တာဝန်ရှိသူကပြောသည်။

အဆိုပါကင်းတဲတွင် စစ်ကောင်စီ တပ်အင်အား ၇ ဦး ထက်မနည်းရှိကြောင်း သိရသည်။

“သေဆုံးတဲ့အခြေနေတော့ အသေးစိတ်မသိရဘူး ဘာလို့လဲဆိုရင် သူတို့က အလောင်းဖွက်တာ သတင်းဖုံးတာ အရမ်းတော်တယ်လေ အဲတော့ထိခိုက်သေဆုံးတဲ့ စာရင်းတော့ မသိလိုက်ရတာ” လို့ မြို့လှ PDF တပ်မှ တာဝန်ရှိသူကပြောသည်။

လက်ရှိ မြို့လှကျေးရွာတွင် စစ်ကောင်စီတပ် အင်အား ၇၀ ခန့်တပ်စွဲ နေထိုင်ထားကြောင်းလည်း သိရသည်။

စစ်ကိုင်းတိုင်း ကသာအထက်ပိုင်း ‌ရွှေကူ၊ ဗန်းမော် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ဖေဖော်ဝါရီလမှစကာ စစ်ကောင်စီတပ်ဘက်မှ စစ်အင်အားဖြည့်တင်းလာသည့်အတွက် ဒေသခံကာကွယ်ရေးတပ်၊ မြို့လှ PDF တပ်ဖွဲ့များ၏ စောင့်ကြိုတိုက်ခိုက်မှုကို ခံနေရဆဲဖြစ်သည်။

Show More

Related Articles

Back to top button