သတင်း

မချမ်းဘောမြို့နယ် မန်နူကျေးရွာတွင် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေ

ပူတာအိုခရိုင် မချမ််််််းဘော့မြို့နယ် မန်နူကျေးရွာအုပ်စုရှိ ပြည်သူများ ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေကြောင်း သိရသည်။

မန်နူကျေးရွာတွင် နေထိုင်သောပြည်သူများသည် စစ်ကောင်စီအာဏာသိမ်းပြီး နောက်ပိုင်းတွင် ကျန်းမာရေးနှင့်ပတ်သက်ပြီး အခက်အခဲများ ကြုံတွေ့နေရကြောင်း ကျေးရွာရှိ ပြည်သူတစ်ဦးထံမှ သိရသည်။

“ဆေးနဲ့ပတ်သက်ပြီး တော်တော်ခက်ခဲတယ်။ ရာသီပေါ်တုပ်ကွေး၊ အစာအိမ်နှင့် သွေးတိုး အများဆုံးပဲ၊ အခုက ဆေးဆိုင်မှာ ဆေးစပ်ပြီး ဝယ်စုထားရတယ်၊ NGO တွေတော့ တခါတလေပဲ ရောက်တယ်၊ ကျွန်တော်ဆေးဝယ်စုထားတဲ့ထဲကပဲ လိုအပ်တဲ့သူကို လာယူစားခိုင်းတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရာသီပေါ်တုပ်ကွေးအဖြစ်များပြီး လူကြီးများတွင် အစာအိမ်နှင့် သွေးတိုးရောဂါ အဖြစ်များကြောင်းလည်း သိရသည်။

NGO အဖွဲ့အစည်းများ တစ်ခါတစ်ရံရောက်ရှိသော်လည်း HIV၊ AIDS နှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ပတ်သက်သော ဆေးကုသမှုနှင့် အသိပညာပေးမှုကိုသာ ပြုလုပ်ကြသည်ဟု ဆိုသည်။

“အခုချိန်ကစပြီး ရေကြီးလာတော့မယ်၊ ရေကြီးလာရင် တော်တော်ခက်ပြီ၊ ရေဖြတ်ပြီးသွားရတော့ ရေကြီးရင် သွားလို့မရတော့ဘူး၊ Block ဖြစ်သွားပြီ၊ မိုးတွင်းအတွက်ခုကတည်းကဆေးဝယ်စုထားရတော့မယ်” ဟု မိုးရာသီမရောက်မှီ ဆေးဝါးများ ပြင်ဆင်ထားရတော့မည့်အကြောင်း သူက ဆက်ဆိုသည်။

ယခင် အာဏာမသိမ်းခင်ကာလ ကျေးလက်ကျန်းမာရေးဆရာမများ ရှိသော်လည်း ယခုအခါတွင် CDM လုပ်ထားသဖြင့် ဆေးဝါးဝန်ထမ်းများ လိုအပ်နေသည်ဟုလည်း သိရသည်။

ဒေသခံများအနေဖြင့် ဆေးပေးခန်းနှင့် လိုအပ်သည့်ဆေးဝါးများကို အလွယ်တကူရယူနိုင်ရန်အတွက်လည်း လူမှူအဖွဲ့အစည်းများထံ တောင်းဆိုကြောင်း ပြောကြားသည်။

မန်နူကျေးရွာအုပ်စုသည် ပူတာအိုမြို့မှ ကုန်းလမ်းရေလမ်းဖြင့် ဖြတ်၍ သွားရပြီး အိမ်ထောင်စုပေါင်း ၁၀၀ ကျော်နေထိုင်သော ကျေးရွာများဖြစ်သည်။

Show More

Related Articles

Back to top button