သတင်း

ကလေး PDF တပ်ရင်း ၃ စခန်း စီးနင်းခံရပြီး တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း ကလေး ပြည်သူ့ကာကွယ်ရေးတပ်၏ တပ်ရင်း ၃ စခန်း ဝင်ရောက်စီးနင်းခံလိုက်ရပြီးနောက် တပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း Kalay PDF မှ သိရသည်။

စစ်ကောင်စီတပ် အင်အား ၁၅၀ ကျော်ပါသော စစ်ကြောင်းသည် ဧပြီ ၁၂ ရက်နေ့ ကလေးမြို့ အနောက်မြောက်တွင် စခန်းချထားသည့် Kalay PDF တပ်ရင်း ၃ စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အင်အား မမျှသဖြင့် PDF တပ်ဖွဲ့ဝင်များ စခန်းကို စွန့်လွတ်လိုက်ရကြောင်း Kalay PDF တပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

”တောထဲကို ထင်းခုတ်သွားတဲ့ဒေသခံတွေ တချို့က စခန်းကိုတွေ့ခဲ့လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်မေးမြန်းပြီး အင်အားအများအပြားနဲ့ ဝင်သိမ်းခံရတာလို့ သိရတယ်။ သူတို့က လက်နက်ကြီးတွေနဲ့ရမ်းပစ်ပြီး ဝင်စီးတာဗျ ပြန်လည်ခုခံရင်းနဲ့ တပ်ဖွဲ့ဝင်တစ်ဦး အသက်ပေးလိုက်ရတယ်” ဟု တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စခန်းဝင်ရောက်စီးနင်းခံရချိန်တွင် Kalay PDF ဖက်မှလည်း ခုခံပစ်ခတ်မှုများရှိခဲ့သည့် အပြင် စခန်းပတ်ဝန်းကျင်တွင်ထောင် ထားသည့် မိုင်းများနင်းမိသဖြင့် စစ်ကောင်စီ တပ်ဘက်ကလည်း အကျအဆုံးရှိခဲ့ကြောင်း သိရသည်။

ကလေး PDF တပ်ရင်း ၃ စခန်းသည် လွန်ခဲ့သည့် နိုဝင်ဘာလကတည်း တစ်ချိန်ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဆေးတပ်သားအမျိုးသမီးအချို့ ဖမ်းဆီးခံရမှုများရှိခဲ့သည်။

ဧပြီလ ၁၂ ရက်နေ့ စစ်ကောင်စီတပ် နယ်မြေ ရှင်းလင်းရေးဆောင်ရွက်စဉ် Kalay PDF တပ်ရင်း ၁ မှ တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံလိုက်ရပြီး မီးရှို့သတ်ဖြတ်ခံရကြောင်း သိရသည်။

ဧပြီ ၁၁ ရက်နေ့ကလည်း နတ်မြောင်းရွာအနီး Kalay PDF၊ CNDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့ရာ ကလေး PDF တပ်ဖွဲ့ဝင်တစ်ဦး ထပ်မံကျဆုံးသွားခဲ့သည်။

Show More

Related Articles

Back to top button