သတင်း

စစ်ကောင်စီတပ်၏ စစ်ရိက္ခာတင် စက်လှေ ၁ စီး ပစ်ခတ်ခံရ

ကချင်ပြည်နယ် ရွှေကူမြို့မှ ကျောက်ကြီးရွာ ဘက်သို့ စုန်ဆင်းလာသည့် စစ်ကောင်စီတပ် စစ်ရိက္ခာတင် စက်လှေတစ်စီး မြို့လှ PDF တပ်ဖွဲ့က ဧပြီလ ၁၃ ရက်နေ့ ည ၆ နာရီဝန်းကျင်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကျောက်ကြီး တပ်ရင်းမှူးတစ်ဦး၊ ကျောက်ကြီး ရဲစခန်းမှူးတစ်ဦးအပါ စစ်အင်အား ၈ ဦး လိုက်ပါလာသည့် စစ်ကောင်စီတပ်၏ ရိက္ခာတင်စက်လှေ ၁ စီးကို မြို့လှ KPDF တပ်ခွဲ (၃) မှ တပ်ခွဲမှူး လမ်းခုလတ်မြစ်ကမ်းတနေရာတွင် စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့‌ကြောင်း မြို့လှ KPDF မှာ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ကျနော်တို့အဖွဲ့က သတင်းရလို့သွားစောင့်ပြီးတော့ RPG ရော လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်။ ထိရောက်မူအပိုင်းကတော့ သေချာမသိရဘူး။ ဘာလို့လဲဆိုရင် အချိန်ကလည်း ၆နာရီခွဲဆိုတော့ မှောင်နေပြီမို့လေ” လို့ မြို့လှ PDF တပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။

ပစ်ခတ်တိုက်ခိုက်ချိန် ၁၀ မိနစ်ဝန်းကျင်ခန့်သာရှိသော်လည်း လက်နက်ကြီးများနှင့် ပစ်ခတ်နိုင်ခဲ့သည့်အတွက် ထိခိုက်သေဆုံးသူ ရှိနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလမှစကာ ကသာအထက်ပိုင်းမြစ်ကြောင်း အသုံးပြုကာ နေ့စဉ်ဆိုသလို ရိက္ခာဖြည့်တင်းနေကြောင်းလည်း သိရသည်။

“ခုတစ်‌လော တပ်က ဆုတ်သွားတာတွေရှိပေမယ့် သူတို့က ရိက္ခာ‌တော့ ပုံမှန်စုဆောင်းနေတာလေ။ သုံးသပ်ကြည့်အရဆို စစ်ရေးအတွက်ပြင်ဆင်နေတယ်လို့မြင်တယ်” ဟု မြို့လှ PDF တပ်မှ တာဝန်ရှိသူကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာအထက်ပိုင်း ‌ရွှေကူ၊ ဗန်းမော်မြစ်ကြောင်းတစ်လျှောက်တွင် ဖေဖော်ဝါရီလမှစကာ စစ်ကောင်စီတပ်ဘက်မှ စစ်အင်အားဖြည့်တင်းလာသည့်အတွက် ဒေသကာကွယ်ရေးတပ်၊ မြို့လှ PDF တပ်ဖွဲ့များ၏ စောင့်ကြိုတိုက်ခိုက်မူ ခံနေရဆဲဖြစ်သည်။

Show More

Related Articles

Back to top button