သတင်း

ဖားကန့်လမ်းတွင် စစ်ကောင်စီတပ်များ စီးလာသော အိမ်စီးကား မိုင်းခွဲတိုက်ခိုက်ခံရ

ဖားကန့်လမ်း နန့်ယား (Nam Ya) ကျေးရွာတွင် စစ်ကောင်စီတပ် အရာရှိအပါအဝင်တပ်ဖွဲ့ဝင် ၅ ဦးစီးနှင်းလာသော ကားတစ်စီး မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် ၂ ဦး ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၅ ရက်နေ့ နံနက် ၇ နာရီခန့် Pajero ကားတစ်စီးဖြင့် နန့်ယား (Nam Ya) ကျေးရွာသို့စျေးဝယ်ထွက်လာခဲ့ရာ စဝါဒီခပ့် စားသောက်ဆိုင် အနီးတဝိုက်တွင် ၂ ကြိမ်မိုင်းခွဲ တိုက်ခိုက်ခံရသောကြောင့် ကားတစ်စီးလုံး ပျက်စီးသွားပြီး ဗိုလ်ကြီးနှင့် တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း နန့်ယား ဒေသခံတစ်ဦး KNG သတင်းဌာနကို ပြောဆိုသည်။

“စျေးဝယ်ရင်း ပြန်လာတဲ့အချိန်မှာဘဲ မိုင်းခွဲခံရတယ်။ ကားမှာ ၅ ယောက် ပါလာတယ်လို့ သိရတယ်။ ၅ယောက်ထဲမှာ ၂ယောက်က ဒဏ်ရာပြင်းတယ်လို့ ကြားတယ်။ နောက် ၃ယောက်က သိပ် ထိခိုက်တာမရှိဘူး။ ထိခိုက်တဲ့ ၂ ယောက်ထဲမှာ တစ်ယောက်က ဗိုလ်ကြီးအဆင့်ရှိတဲ့သူလို့ပြောကြတယ်။ ပြီးရင် သူတို့ စီးလာတဲ့ ကားကတော့ မောင်းလို့မရအောင် ပျက်စီးသွားတယ်” ဟု ပြောဆိုသည်။

ထိုသို့ စစ်ကောင်စီ အရာရှိများ စီးနှင်းလာသောကား မိုင်းခွဲတိုက်ခိုက် ခံရပြီးနောက် နံနက် ၈ နာရီဝန်းကျင်ခန့်တွင် ကချင် လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF များရှိသည့်ဘက်သို့ နန့်ယား စစ်တပ်ကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် နံနက် ၁၁ နာရီ ဝန်းကျင်ခန့်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဘာသာရေးခေါင်းဆောင်များကို ခေါ်ယူပြီး စည်းကမ်းချက်အချို့ကို လိုက်နာရန် ပြောဆိုခဲ့သည်ဟု ဒေသခံတစ်ဦးက ယခုလိုထပ်မံ ပြောဆိုခဲ့သည်။

“ညမိုးချုပ်တာနဲ့ အပြင်တွေလျှောက်မသွားကြဖို့နဲ့ နေအိမ်အတွင်းမှာသာ နေကြရန် ပြောတယ်။ ပြီးရင် ညမိုးချုပ်ရင် အိမ်အတွင်း လိုက်လံစစ်ဆေးမှုတွေ လုပ်မယ်လို့ပြောတာတွေရှိတယ်” ဟု အထက်ပါ နန့်ယားဒေသခံက ပြောဆိုသည်။

ယမန်နေ့ မိုင်းခွဲတိုက်ခိုက်မှု ဖြစ်စဉ်အပြီး ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် နန့်ယားကျေးရွာအတွင်း ဖြတ်သန်းသွားလာသူများကို စစ်ဆေးမှု ပြုလုပ်နေပြီး ကျေးရွာအနီးတစ်ဝိုက် ဆိုင်ကယ်ဖြင့် သွားလာမှုကို ပိတ်ပင်ကာ၊ ခြေကျင်ဖြင့်သာ သွားလာခိုင်းကြောင်းလည်း သိရသည်။

Show More

Related Articles

Back to top button