သတင်း

ခင်ဦးမြို့နယ် နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ၃၀ ဦး သေဆုံးပြီး PDF နှစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ပြီးခဲ့သည့် နှစ်ရက်အတွင်း စစ်ကောင်စီတပ်နှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ကြား တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ၃၀ ဦးသေဆုံးကာ PDF ဘက်မှ နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်က ဦးဆောင်ပြီး အခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၇ ဖွဲ့ပါဝင်သည့်အဖွဲ့သည် ဧပြီလ ၁၄ ရက်နေ့တွင် ပျဥ်ထောင်ကျေးရွာရှိ စစ်ကောင်စီစခန်းနှင့် ခင်ဦးရဲစခန်းတို့ကိုသွားရောက်တိုက်ခိုက်ခဲ့သည်။

“၁၄ ရက်နေ့က နေ့လယ် ၁၂နာရီလောက်ကနေစပြီး ပျဥ်ထောင်ရွာမှာရှိတဲ့ စကစတွေနဲ့ ပျူတွေရှိတဲ့နေရာတွေကို ဒရုန်းတွေနဲ့ချတယ် ပစ်ခတ်မှုတွေလည်းလုပ်တယ် အဲ့မှာ စကစဘက်က ခြောက်ယောက်ကျတယ် ခင်ဦးရဲစခန်းကိုလည်း Drone နဲ့ပဲတိုက်ခိုက်တာ ၃ ယောက်ကျပါတယ်” ဟု ခင်းဦး PDF မှ တာဝန်ရှိသူကပြောသည်။

အလားတူ ဧပြီလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပျဥ်ထောင်ကျေးရွာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ရှိရာ နေရာများကို သွားရောက်တိုက်ခိုက်ခဲ့မှုတွင်လည်း စစ်ကောင်စီတပ်ဘက်က ၉ ဦး သေဆုံးခဲ့ပြီး ရွာသစ်ကုန်း ကျေးရွာအနီး ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“မနေ့ကတိုက်ပွဲမှာတော့ ကျနော်တို့ PDF ဘက်က ကျဆုံးတာမရှိခဲ့ပေမယ့် ခြောက်ယောက်ဒဏ်ရာရခဲ့ပါတယ် ဟိုတစ်နေ့ကပေါ့ သင်္ကြန်အကျနေ့ကတော့ ကျနော်တို့ဘက်က ၂ယောက်ကျတယ်”ဟု အဖွဲ့ခေါင်းဆောင်က ပြောသည်။

နှစ်ရက်အတွင်း တိုက်ပွဲလေးကြိမ်တွင် စစ်ကောင်စီတပ်ဘက်က ၃၀ တိတိသေဆုံးခဲ့ကြောင်း ခင်ဦး PDF က ပြုစုထားသည့်စာရင်းအရ သိရသည်။

လတ်တလောတွင် ခင်ဦးမြို့နယ်က ပျဥ်ထောင်ရွာ၊ ရွာသစ်ကြီး၊ မဒေါင်းလှရွာနဲ့ မဂျီးတုံရွာတို့တွင်စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်ဖွဲ့များ စခန်းချနေထိုင်လျက်ရှိပြီး တစ်ရွာလျှင်အင်အား ၅၀ ခန့်ရှိကြောင်းသိရသည်။

ခင်းဦးမြို့နယ်တွင် PDF နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲပေါင်း အကြိမ် ၇၀ ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက် က ၃၀၀ နီးပါသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် အပြစ်မဲ့ပြည်သူများ သတ်ဖြတ်ခံရမှုအပါအဝင် စုစုပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပြီဖြစ်ပြီး နေအိမ် အလုံး ၇၀၀ မီးရှို့ခံရကြောင်း သိရသည်။

Show More

Related Articles

Back to top button