သတင်း

မြစ်ကြီးနားမြို့တွင် ဆီကို ကန့်သတ်ရောင်းချမှု ရှိနေဆဲ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဆီပန့်ဆိုင်များတွင် ယနေ့ ဧပြီလ ၂၁ ရက်နေ့မှ စတင်ကာ စက်သုံးဆီများ ပုံမှန်‌ရောင်းချ‌ပေးနေပြီဖြစ်သော်လည်း ဆိုင်အချို့မှာ ကန့်သတ်ရောင်းချနေသေးကြောင်း သိရသည်။

အဆိုပါ ကန့်သတ်ချက်များမှာ ဆိုင်ကယ်၊ ကားများတွင် ဆီအပြည့်ဝယ်ယူခွင့်ရှိသော်လည်း ပုံးများဖြင့် လာရောက်ဝယ်ယူပါက ဝယ်ယူမည့် ပမာဏာပေါ်မူတည်ပြီး ကန့်သတ်ချက်ထားသေးကြောင်း သိရသည်။

“ဆိုင်ကယ်ဆိုရင်လည်းဆိုင်ကယ်ဆီ အပြည့်ထည့်ပေးတယ်။ ကားဆိုလည်း ကားမောင်းဆီ အပြည့်ထည့်ပေးတယ်။ ဒါပေမဲ့ ပုံးတွေဘာတွေနဲ့ လာဝယ်ရင်တော့ တစ်သောင်းဖိုး နှစ်သောင်းဖိုး ကန့်သတ်ထားတယ်” ဟု ဆီပန့်ဆိုင် အရောင်းဝန်ထမ်း လုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။

ထို့ပြင် ဒေသခံများ၏ ပြောဆိုချက်အရ စက်သုံးဆီဆိုင်အချို့မှ ဆီများအား ပုံမှန်ရောင်းချပေးနေပြီဖြစ်သော်လည်း ပိတ်ထားသည့် ဆိုင်များလည်း များစွာရှိနေသေးကြောင်း သိရသည်။

“ဆီဆိုင်က အားလုံးမဖွင့်သေးဘူး နဂိုဆီထည့်နေကျနေရာတွေပိတ်ထားတော့ တစ်ခြားနေရာကိုသွားပြီး ဖြည့်ရတာတွေတော့ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီ၁၉ရက်နေ့နှင့် ၂၀ရက်နေ့များတွင် စက်သုံးဆီများ ပျက်လပ်တော့မည်ဟူသည့် သတင်းများကြောင့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့၊ ဖားကန့်မြို့၊ ပူတာအိုမြို့များတွင် စက်သုံးဆီများ အလုအယက်တန်းစီ ဝယ်ယူကြကာ လူတစ်ဦးလျှင် အများဆုံးတစ်သောင်းဖိုးအထိ ရောင်းချ‌ပေးကြပြီး ဆီပန့်ဆိုင်အချို့တွင်မူ ရောင်းချမူ ရပ်နားခဲ့ရသည့် အခြေနေထိ ရှိခဲ့သည်။

ယခုကဲ့သို့ စက်သုံးဆီများ အကန့်အသတ်ဖြင့်ရောင်းချပြီး ဆိုင်အချို့ပိတ်ထားသည့်အပေါ် ဒေသခံတစ်ဦးက လည်း ယခုလို သုံးသပ်ပြောဆိုသည်။

“စီးပွားရေးသမားတွေက လှည့်ကွက်လုပ်တယ်လို့မြင်တယ်။ ဒေါ်လာတွေသတ်မှတ်ပေးတာတွေ ဆီစျေးနှုန်း သတ်မှတ်ပေးတာတွေကို စီးပွားရေးသမားတွေက ကောလဟာလတွေဖြန့်ပြီး ဆီဆိုင်တွေပိတ်တယ်။ သတ်မှတ်ချက်တွေနဲ့ ရောင်းတယ်ဆိုတော့ သွားလာရမှာတွေခက်ခဲမယ်ဆိုတော့စိုးရိမ်တယ်” ဟု ဒေသခံတစ်ဦးက သုံးသပ်ထားသည်။

ယနေ့ မြစ်ကြီးနားမြို့ရှိ စက်သုံးဆီစျေးနှုန်းသည် ၉၂ တစ်ဂါလံကို ၁၀၂၀၀ကျပ်၊ ၉၅ တစ်ဂါလံကို ၁၁၀၀၀ကျပ် ရှိပြီး ယခင်ကထက် ၂၅၀၀ကျပ်အထိ စျေးနှုန်းမြှင့်တက်လာကြောင်း တွေ့ရသည်။

Show More

Related Articles

Back to top button